မြန်မာဆေးမားအူးလ်SMU

AERDTC သင်တန်းကျောင်း လွှဲပြောင်းပေး အပ်ပွဲ

စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း လွှဲပြောင်းပေး အပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ အဆိုပါသင်တန်းကျောင်းသစ် အဆောက်အအုံ၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Mr. Kim Jung Han ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ဌာနေကိုယ်စားလှယ် Dr. Shin Euicheol တို့က စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အကြီးအကဲများက သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပြီး သင်တန်းကျောင်း၏ ပြခန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျေးရွာသစ် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုအားပေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ကီလိုမီတာ ၃၄၀၀ ကျော် ကွာဝေးသော်လည်း နှစ်ပေါင်း ၄ဝကျော်ကြာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ထိတွေ့ဆက်ဆံမှုများသည် ပိုမို တိုးတက် ခိုင်မာစွာ တည်ဆောက်နေသည်ကို တွေ့ရှိရပါကြောင်း။

ကိုရီးယားသမ္မတနိုင်ငံမှ ၁၉ရဝခုနှစ် သမ္မတ ပတ်ချုံဟီး လက်ထက်မှစ၍ ဆောင်ရွက် ခဲ့သည့် ဆေးမားအူလ်အွန်ဒုန်စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကိုရီးယားသမ္မတနိုင်ငံသည် ယနေ့ကမ္ဘာ့နိုင်ငံများအနက် စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်(၁၀) ၊ ပြည်ပတင်ပို့မှု အဆင့် (၆)အထိ တိုးတက်လျှက်ရှိကြောင်း လေ့လာသိရှိပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အစီအစဉ်အရ ကိုရီးယားမှ မြန်မာနိုင်ငံအတွက် မြန်မာဆေးမားအူလ်အွန် ဒုန်စီမံကိန်းကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေတွင် စိုက်ပျိုးရေး ဦးစီးဌာန နှင့် KOICA တို့ ROD လက်မှတ်ရေးထိုးခဲ့ပြီး ဤစီမံကိန်းကို စတင်ခဲ့ပါကြောင်း။ မိမိအနေဖြင့်လည်း မြန်မာ ဆေးမားအူးလ်အွန်ဒုန် ဗဟိုအဆင့် ဦးဆောင်ကော်မတီမှာ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက် နေသလို တိုင်းဒေသကြီး၊ ပြည်နယ် (၁၀)ခုရဲ့ အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးများဟာ ၎င်းတို့ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ဆေးမားအူးလ်အွန်ဒုန် စီမံကိန်း အကောင်အထည်ဖော်ရေး ဥက္ကဌအဖြစ် ပါဝင် ဆောင်ရွက်လျှက်ရှိပါကြောင်း။ မြန်မာလူဦးရေး (၅၂)သန်းကျော်အနက် ၇၀ ရာခိုင်နှုန်းသော လူဦးရေသည် ကျေးလက် တွင် နေထိုင်သူများဖြစ်သည့်အတွက် ကျေးလက်ဒေသ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေး သည် လွန်စွာအရေးပါလှသည့် ယနေ့ KOICA ၏ ထောက်ပံ့မှုဖြင့်ဆောင်ရွက်သည့် မြန်မာ ဆေးမားအူလ်အွန်ဒုန် စီမံကိန်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စံနမူနာပြ ပုံစံများ ဖြစ်ပေါ်တိုးတက် ရရှိအောင် ဆောင်ရွက်ပြီး နိုင်ငံ တနှံတလျားရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက် လာအောင် စံနမူနာပြ ဆောင်ရွက်လျှက်ရှိရာမှာ အမှန်တကယ် တိုးတက်အောင်မြင်အောင် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ အထူး တိုက်တွန်းလိုပါ ကြောင်း။ မိမိတို့နိုင်ငံရှိ ကျေးရွာပေါင်း (၆) သောင်းကျော် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် လာအောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပြီး ကျေးရွာသူ/ကျေးရွာသားများ ကိုယ်တိုင် ပါဝင်ဆောင်ရွက် ကြခြင်းဖြင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများ ရရှိအောင် ပူးပေါင်းဆောင်ရွက်ကြရန် အထူးတိုက်တွန်းလိုပါကြောင်း။ ဒီနေ့ဆောင်ရွက်နေသည့် မြန်မာဆေးမားအူလ်အွန်ဒုန် ကျေးရွာသစ်စီမံကိန်းကို ၂၀၁၉ခုနှစ်ထိ၊ နောက်ထပ် (၂)နှစ်ကြာ ဆောင်ရွက်မှာဖြစ်သလို စီမံကိန်းပြီးစီးသွားပါက ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် ယနေ့ လွှဲပြောင်း၊ ဖွင့်လှစ်သည့် စိုက်ပျိုးပညာပေး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် အကျိုးရှိရှိ သုံးစွဲနိုင်အောင် ကိုရီးယားမှ ပညာရှင်များနှင့် ပူးပေါင်းကာ စီမံချက်များချမှတ် အကောင် အထည်ဖော်ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ၊ သံရုံးယာယီတာဝန်ခံ Mr. Kim Jung Han နှင့် KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

ယင်းနောက် မြန်မာဆေးမားအူးလ်အွန်ဒုန် စီမံကိန်း Video Clip ကို ပြသပြီးနောက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဌာနေကိုယ်စားလှယ် Dr. Shin Euicheol က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းထံသို့ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ဆက်စပ်ပစ္စည်းများ အား လွှဲပြောင်းပေးအပ်ပြီး အထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသူများအားလုံး ဓာတ်ပုံမှတ်တမ်းရိုက်ကူးကြပြီး စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းအား လှည့်လည်ကြည့်ရှု ကြသည်။