ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူများသည် မေလ ၂၄ ရက်နံနက်ပိုင်းတွင် လက်ပန်ချေပေါ်ကျေးရွာအုပ်စု ၊ ကန်တောကျေးရွာ ငါ့သရောက်မြစ်ရေတင် ရေသောက်ရှိ ပဲတီစိမ်း(ရေဆင်း၁၄)မျိုးသန့်စံပြကွက် ၁၅ဧက အပါအဝင် ပဲတီစိမ်းစိုက်ဧရိယာ ၆၉၉ ဧက အား ကွင်းဆင်းစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ နည်းပညာဆိုင်ရာများဆွေးနွေး အကြံပြုပေးခဲ့ကြသည်။
လက်ပန်ချေပေါ်ကျေးရွာအုပ်စုရှိ တောင်သူများသည် ယခုနှစ်နွေသီးနှံအဖြစ် ပဲတီစိမ်း (ရေဆင်း ၁၄),( ရေဆင်း ၁၁) (ရေဆင်း ၆) မျိုးများကို အဓိကစိုက်ပျိုးကြပြီး မေလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းကြပြီဖြစ်ရာ တစ်ဧကလျင် တင်း ၂၀ ကျော် ၂၅ တင်းခန့် ရရှိကြကြောင်း၊ လက်ရှိ ဒေသပေါက်စျေးမှာ ပဲတီစိမ်းတစ်တင်းလျင် ၃၇၀၀၀ ကျပ်မှ ၃၉၀၀၀ ကျပ်ရှိကြောင်း တောင်သူ ဦးထက်အောင် က ပြောသည်။
“ယခုနှစ်အပူချိန်အရ ( ရေဆင်း-၁၁ )မျိုးက ( ရေဆင်း ၁၄ )မျိုးထက် ပိုခံနိုင်ရည်ရှိပြီး ဖြစ်ထွန်းတာတွေ့ရှိရပါတယ်၊( ရေဆင်း ၆) ခေါ် ဘုံ ၇ ဆင့်မျိုးက ပိုးရောဂါခံနိုင်ရည်ရှိပြီး အထွက်ပိုကောင်းမယ်ထင်တယ်၊ ဒီနှစ်ဈေးကွက်အရ တွက်ချေအကိုက်ဆုံးသီးနှံဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြို့နယ်စိုက်ပျိုးရေးတာဝန်ရှိသူများက ကွင်းဆင်းပြီး ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေးနည်းပညာပေးခြင်း boron လက်ချား+ယူရီးယား ရွက်ဖျန်းအားဆေး ပက်ဖျန်းရန်ပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း ၊ မိုးလေဝသအခြေအနေကတော့ အပူချိန် 40•c-45•c မိုးရွာသွန်းမှုက မေလ ၁၆ ရက်နေ့မှာ (0.47″) ၊ မေလ ၂၄ ရက်နေ့မှာ (0.32″) တို့ဖြစ်ပြီး ယခုချိန်ထိ ၂ ကြိမ်သာ ရွာသွန်းသေးကြောင်း ၊ ဘုံခုနှစ်ဆင့်ခေါ် (ရေဆင်း-၆) မျိုးအား မျိုးသန့်ရရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း တောင်သူ ဦးခင်မောင်ဌေး က ပြောသည်။
မျိုးသန့်ပွားစံပြကွက်က ထွက်ရှိလာတဲ့မျိုးသန့်များကို တောင်သူများအား ဖြန့်ပေးနိုင်ခဲ့ကြောင်း၊ ယခင်က ဒေသမျိုးတွေစိုက်ပျိုးကြရာတွင် အဝါရောင်မှိုဆိတ်ကျခဲ့ရာ ယခု (ရေဆင်း ၁၁ နှင့် ၁၄) မျိုး ပြောင်းပေးခဲ့သဖြင့် တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးအောင်မြင်နေကြကြောင်း ဦးစီးအရာရှိ ဒေါ်ခင်ဌေးရီ က ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများစိုက်ပျိုးလိုသည့် သီးနှံများကို ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး နှင့် နည်းပညာ လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး တို့ကိုကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။