နယ်သတင်းများ သတင်းကဏ္ဍ

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပြောင်းသီးနှံစိုက်ခင်းများ FAW ငမြှောင်တောင် ကျရောက်မှု စောင့်ကြည့်ထိန်းချုပ်နိုင်ရေး ဌာန နှင့်တောင်သူပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌ ပြန့်နှံ့ကျရောက်လျက်ရှိပြီး သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေသည့် FAW ငမြှောင်တောင်ပိုး သည် နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း အချို့စိုက်ကွင်းများတွင် တွေ့ရှိနေရသော်လည်း ကြီးမားသော ထိခိုက် ပျက်စီးမှုမရှိသေးကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးမှူးရုံးက သိရှိရသည်။

နေပြည်တော် တွင် အစေ့ထုတ်ပြောင်းအများဆုံးစိုက်ပျိုးသော ဒေသတစ်ခုဖြစ်သည့် ပေါင်းလောင်းမြစ်ဘေးတစ်လျောက်တွင် FAW ငမြှောင်တောင်ပိုးကျမှုဖြစ်ပေါ်ပါက ထိခိုက်မှု မရှိစေရန် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကင်းထောက် စောင့်ကြည့်ခြင်း၊ ဘက်စုံ ကာကွယ် နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများ ဟောပြောဆွေးနွေးခြင်း ၊ ဆေးဖျန်းပုံး နှင့် ပိုးသတ်ဆေးများဖြန့်ဝေပေးခြင်း၊ သတင်းအချက်အလက် ဖလှယ်နိုင်ရေး ကြိုတင် ညှိနှိုင်း ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၁၁ ရက်နေ့က လယ်ဝေးမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး က ပြောသည်။

လယ်ဝေးမြို့နယ်၌ မိုးကြို၊မိုး၊ဆောင်း၊နွေ သီးနှံစိုက်ဧက စုစုပေါင်း ဧက၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ယခုနှစ်မိုးကြိုသီးနှံအဖြစ် နှမ်းသီးနှံ ဧက ၃၀၀၀၀ ခန့်၊ ဖူးစားပြောင်း ဧက ၂၀၀၀ ခန့် နှင့် မိုးကြိုကာလမှစတင်ကာ အစေ့ထုတ်ပြောင်း ဧက ၅၀၀၀ ခန့် စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျောက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်သကဲ့သို့ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက်လည်း စိုက်ပျိုးရေးဦးစီးဌာန သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များက မျက်ခြေမပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးစောဝင်း က ပြောသည်။