သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အိမ်ခြေစုစုပေါင်း(၂၂၀၀)ကျော် လျှပ်စစ်မီးအသုံးပြုနိုင်မည့် အသေးစားဓာတ်အားပေးစနစ် စီမံကိန်းဆိုင်ရာ သဘောတူညီမှု လက်မှတ်ထိုး

မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက်ဝေးကွာပြီး လျှပ်စစ်မီးသွယ်တန်းမှုအစီအစဉ်များတွင်  ပါဝင်နိုင်ခြင်းမရှိသေးသည့် ကျေးရွာများတွင် လျှပ်စစ်မီးအသုံးပြုနိုင်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က (၆၀) ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့်ကျေးရွာ က ထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီက (၂၀) ရာခိုင်နှုန်းဖြင့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း အသေးစားဓာတ်အားပေးစနစ်လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အသေးစားဓာတ်အားပေးစနစ်လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ လုပ်ငန်းဆောင်ရွက်မည့် Pro Engineering Co.,LtDနှင့် Mandalay Yoma Energy Co.,Ltd မှတာဝန်ရှိသူများ နှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၏ စီမံကိန်းဆိုင်ရာသဘောတူညီမှု လက်မှတ်ထိုးပွဲအခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ယနေ့လက်မှတ်ရေးထိုးသဘောတူညီမှုအရ CFP-3 ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဂွေးချိုကျေးရွာတွင် 72kW ၊ ဖောင်းပြင်မြို့နယ် ကယားကျေးရွာတွင် 75kW ၊ မကွေးတိုင်း ဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် 81.6kW ၊ ဆင်ပေါင်ဝဲမြို့နယ် ဝါစေ့မြောင် ကျေးရွာတွင် 70.4kW ၊ ရေစကြိုမြို့နယ် မိဖုရားကျေးရွာတွင် 125kW ၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် အောင်ချမ်းသာကျေးရွာတွင် 68kW ၊ ရေတာရှည်မြို့နယ် လုံရမ်းကျေးရွာတွင် 81.6kW ၊  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်မြို့နယ်တွင် 120kW ၊ ကျောက်တော် မြို့နယ် သလူချောင်းကျေးရွာတွင်81.6kW ၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပတ်ပြဲကျေးရွာ တွင် 160kW ၊ ကြံခင်းမြို့နယ် ထိန်ပင်မြောင်ကျေးရွာတွင် 114kW တို့ပါဝင်သော ဆိုလာအသေးစား ဓာတ်အားပေးစနစ် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက အိမ်ခြေစုစုပေါင်း(၂၂၀၀)ကျော်ရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်မည်ဖြစ်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်း ဆောင်ရွက်လာ နိူင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။