ငွေနှင်းမှိုစိုက်ထုပ်များကို နေအိမ်တိုက်ခန်းများတွင် လေပြင်းတိုက်ခတ်မှုမရှိဘဲ လေဝင် လေထွက်ကောင်းမွန်၍ နေတိုက်ရိုက်မပူသော အစိုဓါတ်ကောင်းမွန်သည့် နေရာများတွင် အလွယ် တကူစိုက်ပျိုးနိုင်ပါသည်။
ငွေနှင်းမှိုစိုက်ထုပ်စိုက်ပျိုးမည်ဆိုပါက လိုအပ်သောအပူချိန်မှာ (၂၅˚-၂၈˚)စင်တီဂရိတ်ဖြစ်ပြီး စိုထိုင်းဆမှာ(၈၀)% ရရှိရန် လိုအပ်ပါသည်။ မှိုမျိုးထုပ်များကို ထိပ်ဝမျက်နှာပြင်အပေါ်ရှိ ပလပ်စတစ်များကို ဓါးဖြင့်ဖြတ် မျက်နှာပြင်ဖွင့်၍လည်းကောင်း၊ အထုပ်ဘေးပတ်လည်တွင် (၁-၂) လက်မ အရွယ်ဓါးရာပေး၍လည်းကောင်း၊ အစိုဓါတ်ရရှိသည့် ရေချိုးခန်းနှင့် မီးဖိုခန်းတို့တွင် ခုံပေါ်တွင်လှဲ၍သော်လည်းကောင်း၊ တန်းတွင်ချိတ်ဆွဲ၍ သော်လည်းကောင်း အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ မှိုမျိုးထုပ်များကို နေ့စဉ်ရေပန်းခရား၊ ရေခွက်ဖြင့် ညင်သာစွာရေလောင်းပေးနိုင်ပါသည်။ အထုပ် အတွင်းရေမဝင်အောင် အထူးဂရုပြုရပါမည်။ ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်ပါသည်။ အဓိကမှာ မှိုစိုက်ထုပ်များပတ်ဝန်းကျင်တွင် အစိုဓါတ်ကောင်းစွာရှိရန် လိုအပ်ပါသည်။
မှိုထုပ်များစဖွင့်ပြီး (၃-၇)ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာ၍ (၄-၅)ရက်အတွင်း ဆွတ်ခူးရန်အသင့်ဖြစ်ပါသည်။ မှိုပွင့်များ ဆွတ်ခူးရာတွင် ဘေးအနားသားများ မကွဲမီ(သို့)မရော်မီ ဆွတ်ခူးရပါမည်။ ဆွတ်ခူးရာတွင်လည်း အောက်ခြေမှလက်ဖြင့် ညင်သာစွာနုတ်ယူပါ။ ချိုးဖဲ့ဖြတ် တောက်၍ မယူရပါ။
မှိုထုပ်ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်မှ ဖွင့်ပြီး စိုက်ပျိုးထားသော အထုပ် များကိုလက်မဝက်ခန့် ဓါးနဲ့လှီးဖြတ်၍ မျက်နှာချင်းဆိုင်ကပ်၍ (၄-၅)ရက်ခန့် ရေမလောင်းပဲထား ရပါမည်။ ထို့နောက်အထုပ်မျက်နှာပြင်တွင် မှိုမျှင်များ ပြန်လည်ဖြူဖွေးလာပြီး ၎င်းအချိန်တွင် ရေဖျန်းပေး ပါက ဒုတိယအကြိမ် မှိုပြန်လည်ဆွတ်ခူးရမည်ဖြစ်ပါသည်။ အထုပ်ဘေးမျက်နှာစာမှ ဖွင့်ဖောက် စိုက်ပျိုးသောအထုပ်များကို မှိုဆွတ်ခူးပြီးတိုင်း ရေ(၂)ရက်ခန့် ဖြတ်ထားပြီး ရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန်ထွက်လာပါသည်။ထိုနည်းအတိုင်း ပြုလုပ်ပေးပါက မှိုထုပ်များမှ (၃-၅)ကြိမ် ဆွတ်ခူးစိုက်ပျိုးနိုင်ပါသည်။ (၆၀)ကျပ်သားရှိသော မှိုစိုက်ထုပ်(၁)ထုပ်မှ မှိုအလေးချိန် (၂၀)ကျပ်သားရရှိနိုင်ပါသည်။
မှိုအမျိုးမျိုးတို့ကို မိမိတို့နေအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်စိုက်ပျိုးထုတ်လုပ်ရန်အတွက် မှိုစိုက်ပျိုးနည်းပညာများ နှင့် မှိုအမျိုးမျိုးတို့၏ မှိုစိုက်ထုပ်များကို စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မှိုခြံများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါသည်။