ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ငလိုက်ရေလှောင်တမံ သို့ ရောက်ရှိစစ်ဆေး

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့ သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ ရှိ ငလိုက်ရေလှောင်တမံ သို့ ရောက်ရှိကြရာ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မြင်လှိုင် က ရေပိုလွှဲ ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု နှင့် တမံကြံ့ခိုင်ရေးလုပ်ငန်းများ အား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ဆည်တမံများ သည်  လယ်ယာကဏ္ဍအတွက်သာမက ဒေသစိမ်းလန်း စိုပြည်ရေးအတွက်ကိုပါ အကျိုးပြု လျက်ရှိ နေကြ ကြောင်း၊ သဘာဝဘေးကြောင့် မလိုလား အပ်သော ဆိုးကျိုးများ မဖြစ်ပေါ် စေရေး၊ တာတမံများရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် စောင့်ကြည့် စစ်ဆေးခြင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမှုများအားလုံး ရာသီချိန်မီ ချိန်ကိုက် ဆောင်ရွက် နိုင်ရေးအတွက် လိုအပ် သော ရန်ပုံငွေသုံးစွဲခွင့်ကို ဘဏ္ဍာနှစ်အလိုက် စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ငလိုက်ရေလှောင်တမံ သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး ငလိုက် ချောင်းပေါ်တွင်တည်ရှိကာ တမံအလျား ၃၉၈၀ ပေ၊ တမံအမြင့် ၈၂ ပေရှိ မြေသားတမံအမျိုး အစားဖြစ်သည်။ ငလိုက်ရာဘာရေလွှဲဆည်မှတဆင့် ဆည်ရေသောက်ဧရိယာ စိစစ်ပြီး ဧက ၁၇၇၈၄ ဧက ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရှိရသည်။