နယ်သတင်းများ

NFASP အဆိုပြုလွှာ နှင့်ပတ်သက်၍ ESMFရေးဆွဲရာတွင် လူထုသဘောထားရယူနိုင်ရေးတွေ့ဆုံပွဲ ပျဉ်းမနား တွင် ကျင်းပ

မြန်မာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း(Myanmar National Food and Agriculture System Project – NFASP) အဆိုပြုလွှာ နှင့်ပတ်သက်၍ လိုအပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်(Environmental and Social Management Framework – ESMF) ရေးဆွဲရာတွင် လူထုသဘောထားမှတ်ချက် ပါဝင်နိုင်စေရေးအတွက်  ESMF မူဘောင် ပထမမူကြမ်း အနှစ်ချုပ် အပေါ် ပြည်သူတို့၏ သဘောထားအမြင်များ ဆွေးနွေးနိုင်ရန် လူထု၏သဘောထားရယူတွေ့ဆုံပွဲကို ဖေဖေါ်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် ကင်မွန်းတန်း စိုက်ပျိုးစီးပွားအသိပညာပေးစခန်း ၌ ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းဝင်း ၊  နေပြည်တော် ပြည်ထောင်စုနယ်မြေ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသနေတောင်သူများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲတွင် စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး က စီမံကိန်း၏ အဓိကကဏ္ဍ ၃ခု နှင့် ကဏ္ဍခွဲ ၅ခု၊ စီမံကိန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများ နှင့် ကမ္ဘာ့ဘဏ် ၏ အန္တရာယ်ကင်းရှင်းရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒများ၊ လုပ်ဆောင်နိုင်ဖွယ်ရှိသော စီမံကိန်း အမျိုးအစားများ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးရာသက်ရောက်နိုင်မှုများ စသည့်  စီမံကိန်းအကြောင်းအရာများ ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ပြည်ထောင်စုနယ်မြေ စိုက်ပျိုးရေးဦးစီးဌာနမှူး နှင့် တွေ့ဆုံပွဲတက်ရောက် လာကြသူများက စီမံကိန်းနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။