အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့် လမ်းညွှန်ချက်များကို ပြဌာန်း ပြီး စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာ်ကင်းသည့် အစားအစာများ ရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ခေတ်မီဇီဝနည်းပညာများအး ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိ အသုံးပြုလာနိုင်မည် ဖြစ် ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပပြုလုပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင် နှင့် မူဝါဒ ပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊ မေွးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသန ဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ နည်းတူ ဇီဝနည်းပညာ ရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှု ဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ချမှတ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဗီဇပြုပြင် ထားသည့် မျိုးစေ့၊ စားသောက်ကုန်နှင့် ဗီဇပြုပြင် ထားသည့် ထွက်ကုန်များကို လက်ခံအသုံးပြုလာမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များ စသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်မှု ကဲ့သို့သော စိန်ခေါ်မှုများကို အနှေးနှင့်အမြန် ကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာ အကောင်အထည် ဖော်ရာတွင် တိုးတက်လာသည့်နည်းပညာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ် အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိပြီး နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီသည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒများ ရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က လက်ရှိ ရေးဆွဲပြီးစီးပြီးသော ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များက အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြသည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံအနေဖြင့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး(UNEP) နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (GEF) တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ထုတ်ပြန်နိုင်ခြင်း မရှိခဲ့သော မူကြမ်းအပေါ် တိုးတက်လာသောနည်းပညာရပ်များ နှင့် ဆီလျော်မှုရှိစေရန် ခေတ် ကာလနှင့်အညီ ရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင် နှင့် မူဝါဒ မူကြမ်း အလုပ်ရုံဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID နှင့် International Service for the Acquisition of Agri-biotech Applications – ISAAA တို့၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် များအတွင်း ၄ ကြိမ်ပြုလုပ်ခဲ့ကာ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပဉ္စမမူကြမ်း အတည်ပြု နိုင်ရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။