စိုက်-မွေးသုတ သီးနှံပိုးမွှားရောဂါ အော်ဂဲနစ်-Organic

သဘာဝပိုးသတ်ဆေး (သို့)ပိုးနှင်ဆေး (Natural Pesticides)

သဘာဝပိုးသတ်ဆေးများဖြင့် ကာကွယ်ခြင်း
• အပင်၊ တိရစ္ဆာန်နှင့် တွင်းထွက်ပစ္စည်းများမှရရှိသော သဘာဝဆေးများဖြင့် အပင်ရောဂါနှင့် ပိုးမွှား များကို ကာကွယ်နိုင်ပါသည်။
• ပိုးများကို တိုက်ရိုက်သတ်ခြင်းထက် ၎င်းတို့၏ ဖျက်စီးနိုင်စွမ်းကို လျှော့ကျစေခြင်းဖြစ်သည်။
• ဖျက်ပိုး၏ ဇီဝကမ္မပြောင်းလဲမှုကို ပျက်ပြားစေခြင်းဖြင့် ဖျက်ပိုးဦးရေကို လျှော့ချစေနိုင်သည်။

အော်ဂဲနစ်ပိုးသတ်ဆေးများ၏ အကျိုးကျေးဇူး
• ပိုးမျိုးစုံကို ကာကွယ်နိုင်သည်။
• မိတ်ဆွေပိုးများကို မထိခိုက်ပါ။
• သီးနှံများအပေါ် အဆိပ်ဓါတ်ကြွင်းများ မကျန်ပါ။
• ပတ်ဝန်းကျင်အဆိပ်သင့်မှု မရှိပါ။ သီးနှံပင်များကို မထိခိုက်ပါ။
• သီးနှံပင်ကြီးထွားမှုကို အထောက်အကူပြုသည်။
• ပိုးဖျက်စီးမှုသက်သာ၍ သီးနှံအထွက် ပိုရနိုင်သည်။
• သုံးစွဲရလွယ်ကူ၍ ကုန်ကျစရိတ်သက်သာသည်။

ငရုတ်သီးပိုးသတ်ဆေးရည်
လိုအပ်သောပစ္စည်းများ
၁။ ငရုတ်သီး (စို/ခြောက်) – ၃၀ ကျပ်သား
၂။ အရက်ဦးရည် – ၂ လီတာ
၃။ ရေ – ၄ လီတာ

ပြုလုပ်ပုံ
• ငရုတ်သီးများကို ရေ (၄) လီတာဖြင့်ရောကာ မီးအေးအေးဖြင့် (၁) နာရီကြာ ပြုတ်ပါ။
• ပြုတ်ပြီးသား ငရုတ်သီးအရည်ကို ရေ (၂၀) လီတာ ထည့်ထားသောအိုးတွင် ထည့်ပါ။
• ထို့နောက် အရက်ဦးရည်ကို (၂) လီတာကို ရောထည့်ပါ။ မွှေပေးပါ။
• အဝတ်ပါးပါးဖြင့် ဖုံးအုပ်ပေးပြီး အေးမြခြောက်သွေ့သည့် အရိပ်အောက်တွင် ထားရှိပါ။
• တစ်နေ့တစ်ကြိမ် မွှေပေးပါ။
• (၇)ရက် ပြည့်ပြီးနောက် အနည်အနှစ်များကို စစ်ထုတ်ပြီး အရည်ကိုသာသုံးပါ။ (၃)လခန့် သိုလှောင်နိုင်သည်။

ဆေးဖျန်းရန်နှုန်းထား
• ဆေးရည် (၁)ဆနှင့် ရေ (၅၀၀)ဆ
ကာကွယ်နိုင်သော ဖျက်ပိုးများ
• မွှား၊ ပျ၊ လှေး၊ ပုရွက်ဆိတ်၊ ယင်ဖြူ၊ ကျိုင်း၊ ပင်စည်ထိုးပိုး၊ ဖလံကောင်အဆင့်၊ ခရု

ဆေးရွက်ကြီး ပိုးသတ်ဆေးရည်
လိုအပ်သောပစ္စည်းများ
• ဆေးရွက်ကြီး – ၂၈ ကျပ်သား
• ရေ – ၄ ဂါလံ
• ဆပ်ပြာ – ၂ ကျပ်သား

ပြုလုပ်ပုံ
• ရေ (၄)ဂါလံကို မြေအိုးဖြင့် တည်ပါ။
• ၎င်းထဲသို့ ဆေးရွက် ရွက်ကြီး (၂၈)ကျပ်သားထည့်၍ ကျိုပါ။ ပါးပါးလှီးထားသည့် ဆပ်ပြာ(၂) ကျပ်သားကို ထပ်မံထည့်၍ ကျိုချက်ပါ။
• ဆပ်ပြာပျော်ဝင်ပြီးချိန်တွင် အအေးခံ၍ ပိတ်ပါးစဖြင့်စစ်ပါ။
• ဓါတုဆေးနှင့် ချွတ်ဆေးများပါဝင်သည့် ဆပ်ပြာမှုန့်များ သုံးစွဲပါက အပင်ကို လောင်ကျွမ်းစေနိုင် သည်။

ဆေးဖျန်းရန်နှုန်းထား
• ဆေးရည် (၁)ဆ နှင့် ရေ(၂)ဆ

ကာကွယ်နိုင်သော ဖျက်ပိုးများ
• ပျ၊ ခူ၊ လှေး၊ မွှား၊ ကျိုင်း၊ စုပ်စားပိုး၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

တမာပိုးသတ်ဆေးရည်
လိုအပ်သောပစ္စည်းများ
• လတ်ဆတ်သော တမာစေ့/ အရွက်ခြောက် – ၅၀ ကျပ်သား
• ရေ – ၂ ဂါလံ

ပြုလုပ်ပုံ
• လတ်ဆတ်သော တမာစေ့/ အရွက်ခြောက် (၅၀)ကျပ်သားကို လက်ဖြင့် အဆံကွဲရုံ (သို့) နုတ်နုတ် စင်းကာ ရေ(၂)ဂါလံဖြင့် ရောမွှေပြီး (၁)ရက်ခန့်အကြာ ရေစိမ်ထားပါ။
• ပိတ်ပါးစဖြင့် စစ်ပြီး အသုံးပြုနိုင်သည်။
• အရက် (သို့) ဝါးရှာလကာရည်ဖြင့်စိမ်ပြီး ရေရောဖျန်းက ပိုထိရောက်ပါသည်။
ဆေးဖျန်းရန်နှုန်းထား
• တမာရည် နို့ဆီဗူး (၁) ဗူးလျှင် ရေ (၄) ဂါလံ
ကာကွယ်နိုင်သော ဖျက်ပိုးများ
• မွှားပင့်ကူနီ၊ ပိုးလောက်ကောင်များ၊ ပျ၊ ခူ၊ ပုရွက်ဆိတ်၊ လှေး၊ မွှား၊ ကျိုင်း၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

ဒုတ္တာမှိုသတ်ဆေး
(၄) ဂါလံ ဆေးဖျန်းပုံးအတွက် လိုအပ်သောပစ္စည်းများ
၁။ ဒုတ္တာ – ၁၀ ကျပ်သား
၂။ မဖောက်ထုံး – ၁၀ ပိဿာ
၃။ ရေ – ၁၀ ပိဿာ
သတိပြုရန်
• မဖောက်ထုံးကို ဖောက်ပြီး ချက်ခြင်း သုံးစွဲရမည်။
• လေမသလပ်စေရပါ။ အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏမွှေပေးပါ။
• ဖျော်စပ်ပြီး (၂၄) နာရီအတွင်း သုံးစွဲရန်။
• မြေ၊ စဉ့်၊ ကြွေ၊ ပလပ်စတစ်၊ သစ်သားစည်ပိုင်း၊ အိုးခွက်၊ ပုံးများသာ အသုံးပြုရန်။
• ဆေးဖျန်းပုံးကို အသုံးပြုပြီးပါက ပြောင်စင်အောင်ဆေးပါ။
• မိုးရွာစဉ်၊ အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊ အပင်ရေငတ်၍ အားနည်းညှိုးနွမ်းချိန်များတွင် မပက် ဖျန်းသင့်ပါ။

ကာကွယ်နိုင်သော ရောဂါများ
• စပါးဂုတ်ကျိုး၊ စပါးရွက်ပြောက်ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ ပဲမျိုးစုံမှဲ့ပြောက်စွန်းရောဂါ။

ကြက်သွန်ဖြူ ပိုးသတ်ဆေး
• ကြက်သွန်ဖြူ – ၆၀ ကျပ်သား
• ဗီနီဂါ(ရှာလကာရည်) – ၅၀၀ စီစီ
• အရက်ဦးရည် – ၂ လီတာ

ပြုလုပ်ပုံ
• ကြက်သွန်ဖြူများကို ကြေညက်အောင်ထောင်းပါ။
• (၁၅)လီတာဝင်ဆန့်သောအိုးတွင် ထောင်းထားသော ကြက်သွန်ဖြူ၊ ဗီနီဂါ၊ အရက်၊ ရေ(၁၀)လီတာ တို့ကို ထည့်၍မွှေပါ။
• အဝတ်ပါးပါးဖြင့် အိုးကိုဖုံးအုပ်ပေးပြီး အေးမြသောနေရာတွင် ထားပါ။
• တစ်နေ့ တစ်ကြိမ် မွှေပေးပါ။
• (၇)ရက် ပြည့်လျှင် အသုံးပြုနိုင်ပါသည်။
• အသုံးပြုနေချိန်တွင် အဖတ်များကို ရေစစ်ဖြင့် စစ်ပြီးမှ အသုံးပြုပါ
• (၃)ပတ်ခန့် သိုလှောင်နိုင်သည်။

ဆေးဖျန်းရန် နှုန်းထား
• ဆေးရည်(၁)ဆ နှင့် ရေ(၅၀၀)ဆ
ကာကွယ်နိုင်သော ဖျက်ပိုးများ
• ပိုးလောက်ကောင်များ၊ ပျ၊ ခူ၊ ပုရွက်ဆိတ်၊ လှေး၊ မွှား၊ ကျိုင်း၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

စိုက်ပျိုးရေးဦးစီးဌာန
ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ