သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရေသတ္တဝါကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးကဏ္ဍအတွက်  ကူညီထောက်ပံ့မှုအစီအစဥ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

       စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဥရောပသမဂ္ဂ ၊ ဂျာမနီစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း တို့၏ ထောက်ပံ့မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာန နှင့် ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက် ရေး ကော်ပိုရေးရှင်း (GIZ) တို့ပူးပေါင်း၍ “မြန်မာ့ ရေသတ္တဝါ မွေးမြူရေး ရေရှည်ဖွံ့ရေး အစီအစဥ် (Myanmar Sustainable Aquaculture Programme-MYSAP)”ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၁ခုနှစ် နိုဝင်ဘာလ အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “ရေသတ္တဝါကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေး ကဏ္ဍအတွက် MYSAP စီမံကိန်းမှ ကူညီထောက်ပံ့မှုအစီအစဥ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဇူလိုင်လ ၁၈ရက်နေ့က ရန်ကုန်မြို့၊ IBIS Style Hotel ၌ ကျင်းပပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ MYSAP- GIZ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန် တက္ကသိုလ် (သတ္တဗေဒဌာန) မှ ပညာရှင်များ၊ World Fish မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ယခုစီမံကိန်း မှ အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအစီအစဥ် (NADP) ကိုရေးဆွဲခြင်း၊ ရေသတ္တဝါမွေးမြူရေး ကဏ္ဍဆိုင်ရာကောင်းမွန်သောနည်းလမ်း (GAqP) ကို အကောင်အထည်ဖော်ကျင့်သုံးလျှက် ရေသတ္တဝါမွေးမြူရေးဆိုင်ရာ မူဝါဒနှင့်တည်ဆဲ ဥပဒေများ ထပ်မံရေးဆွဲခြင်း၊ မွေးမြူရေးနှင့် ပေါင်းစည်း လယ်ယာ ဖွံ့ဖြိုးရေးအတွက် မြေအသုံးပြုခွင့်နှင့် စပ်လျှဥ်း၍ ဥပဒေပြင်ဆင်ချက်များ ထပ်မံရေးဆွဲနိုင်ရေး အတွက်ပံ့ပိုးကူညီပေးခြင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးရေသတ္တဝါ မွေးမြူရေးပညာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ အတွက် သင်ရိုးညွှန်းတန်း များရေးဆွဲရာ၌ ပံ့ပိုးကူညီပေးခြင်း၊ ရေသတ္တဝါမွေးမြူရေးကဏ္ဍရှိ ငါး/ပုစွန်မွေးမြူရေးနှင့် ပြုပြင်ထုတ်လုပ်သည့် လုပ်သားများအတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှု စံသတ်မှတ် ပြဌာန်းရေး (NSSA) အား နိုင်ငံတကာအဆင့်မှီရေးဆွဲခြင်း၊ ရေနေသတ္တဝါ ကျန်းမားရေး နှင့် ရောဂါထိန်းချုပ်ရေးစနစ် ရေရှည်တည်တံ့ရေးကို အမျိုးသားအဆင့် ဆောင်ရွက်ခြင်း ၊ ငါး/ရေသတ္တဝါများစားသုံးကြရန် အာဟာရပြည့်ဝမှုဆိုင်ရာ လုပ်ဆောင်ချက် များကို တက္ကသိုလ်/ကျောင်းများ၌ စားသုံးမှုပုံစံ သိရှိလာစေရန် အသိပညာပေးခြင်း စသည်များကို စီမံကိန်းဒေသများတွင် အကောင်အထည်ဖော်ဆောင်လျှက်ရှိသည်။

မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး နှင့် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရေး အတွက် မွေးမြူရေးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မွေးမြူရေးထွက်ကုန်များ အရည်အသွေး မြှင့်တင်ရေးနှင့် ဘေးကင်း သန့်စင်ရေး၊ ငါးရောဂါစစ်ဆေးသည့် ဓါတ်ခွဲခန်းများ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီစစ်ဆေးသွားနိုင်ရန် သက်ဆိုင်ရာဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင် ပေးရန်၊ ရေသတ္တဝါများ ရွှေ့ပြောင်းမှုဆိုင်ရာ လုပ်ငန်းစဥ်များ(SOP)အပေါ် ရောဂါကင်းစင် ကြောင်း ဆောင်ရွက်သည်‌့ စံချိန်စံညွှန်းသတ်မှတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းတွင် စောင့်ကြည့်ထိန်းချုပ်ခြင်းနည်းလမ်းများ Quarantine ဖွံ့ဖြိုးတိုးတက် လာစေရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲ၌ “အမျိုးသားအဆင့် ရေသတ္တဝါကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးစနစ် ရေရှည် တည်တံ့ရေးစီမံကိန်း” ၏ လေ့လာတွေ့ရှိချက်များ၊ အကြံပြုချက်များ၊ အဆိုပြု သင်တန်းများ ကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ပါဝင်တက်ရောက်လာကြသူများ အကြံပြုသုံးသပ်ချက်များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။