မြန်မာဆေးမားအူးလ်SMU

ဆေးမားအူးလ်ဒွန် စီမံကိန်းနှင့် ကျေးလက်ပြည်သူတို့၏ ပြောင်းလဲလာသော ဘဝများ

ကျွန်မကစျေးရောင်းချင်တာ၊ ဒါပေမယ့်အရင်းအနှီးမရှိလို့ အရင်က ကျွန်မဆန္ဒတွေ မပြည့်ဝခဲ့ရပါဘူး။ သူများဆီကချေးဌားပြီး အရင်းအနှီးလုပ်မယ်ဆိုတော့လည်း အဲဒီအခါက အတိုးနှုန်းက ၂၀ ကျပ်ဆိုတော့ တွက်ခြေမကိုက်ဘူး၊ ဒီလိုတွေဖြစ်နေတုန်း သိပ်မကြာခင်မှာပဲ ကျွန်မတို့ရွာကို ဆေးမားအူးလ်ဒွန်(ကျေးရွာသစ်လှုပ်ရှားမှု)စီမံကိန်းအဖြစ် လုပ်ဆောင်ဖို့ ရွေးချယ်ခံရတယ်၊ အစပိုင်းမှာတော့ ကိုယ်နဲ့မသက်ဆိုင်တဲ့ကိစ္စတစ်ခုလို စိတ်မဝင်စားခဲ့ဘူး၊ အဲဒီနောက် ရွာမှာတိုးတက်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်လာတာကို တွေ့မြင်လာရတယ်၊ ကျွန်မစိတ်အဝင် စားဆုံးကတော့ အဲဒီစီမံကိန်းထဲမှာ အသေးစားချေးငွေလုပ်ငန်းတွေ ပါလာတာပါပဲ၊ ပြင်ပကနေ အတိုးနှုန်းကြီးကြီးပေးပြီး ချေးငွေယူနေရတဲ့အစား အတိုးနှုန်း သက်သက်သာသာနဲ့ ချေးခွင့်ရမယ် ဆိုတော့ ကျွန်မလောက်ပျော်နိုင်မယ့်သူ မရှိနိုင်တော့ပါဘူး၊ အရင်းနှီးမရှိလို့ ဘာလုပ်ကိုင်စား သောက်ရမှန်းမသိရတဲ့ဘဝကနေ တစ်ဖက်တစ်လမ်းကနေ အိမ်စရိတ်ရှာနိုင်တော့မယ််ဆိုတော့ တွေးရင်းတွေးရင်း ပျော်လွန်းလို့ အိပ်လို့တောင်မပျော်ခဲ့။ နောက်နေ့မှာတော့ အရင်ကကျွန်မစိတ်မ ဝင်စားခဲ့တဲ့ ဆေးမားအူးလ်ဒွန် စီမံကိန်းအတွက် ဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားခဲ့ပါတော့တယ်။ အဲဒီမှာ ကျွန်မသိလိုက်ရတာကတော့-
ဆေးမားအူးလ်ဒွန်ဆိုတာ ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိတဲ့အနက် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့ ကျေးရွာ တွေဖွံ့ဖြိုးတိုးတက်စေဖို့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ကွိုက်ကာရဲ့ ထောက်ပံ့မှု ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ အကောင်အ ထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်၊ မြန်မာဆယ်မာအူးလ် အွန်ဒုန်စီမံကိန်း (ကျေးရွာသစ်လှုပ်ရှားမှု) ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်တာကာလတွင် ဆောင်ရွက်လျက် ရှိရာမှာ စီမံကိန်းကျေးရွာများ၏ ကျေးရွာသူ၊ ကျေးရွာသားများအတွက် စွမ်းဆောင်ရည်မြင့်မားရေး၊ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီး မိမိတို့ကိုယ်တိုင် အကောင်အထည်ဖော်ကြရမယ်ဆိုတာကို စီမံကိန်းကျေးရွာတစ်ခုမှ ဒေသခံ ဒေါ်ခိုင် က စီမံကိန်းမှ သူသိမြင်လာရသည်ကိုပြောပြသည်။
အဆိုပါစီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ကွိုက်ကာ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီဌာမှ တာဝန်ယူ၍ တိုင်းဒေသကြီး / ပြည်နယ်ကိုးခုရှိ ကျေးရွာပေါင်း ၁၀၀ တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၁၆ ခုနှစ် မှစ၍ ကျေးရွာဆယ်ရွာထပ်တိုးကာ ကျေးရွာ ပေါင်း ၁၁၀ ကို ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်မတို့ရွာအလှည့်ရောက်လာတော့ ကျေးရွာခေါင်းဆောင်တွေဆီကိုသွားပြီး စျေးရောင်းဖို့ အရင်းအနှီးအတွက် အသေးစားလုပ်ငန်းမှာ ငွေချေးခဲ့တယ်၊ အဲဒီကနေကျွန်မဝါသနာပါတဲ့ စျေးရောင်းတဲ့အလုပ်ကနေ ဝင်ငွေရှာနိုင်ခဲ့တယ်၊ အတိုးနှုန်းသက်သက်သာနဲ့ ချေးနိုင်တော့ ကျွန်မအတွက်အမြတ်လည်းကျန်တယ်၊ သမီးလေးကိုလည်း ကျောင်းထားနိုင်ခဲ့တယ်၊ ခုဆို ကျွန်မ ခေါင်းရွက်စျေးသယ်ဘဝကနေပြီး အိမ်ဆိုင်လေးပါရောင်းနိုင်တဲ့အဆင့်ရောက်ခဲ့ရပါပြီ၊ ဒါကတော့ ဆေးမားအူးလ်ဒွန်စီမံကိန်းရဲ့ ကျေးဇူးတွေဆိုလည်းမမှားပါဘူး ဟု ခေါင်းရွက်စျေးသယ် မလေးဘဝကနေ အိမ်ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်သွားတဲ့ မခိုင်က ဆက်လက်ပြောပြသည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် စံပြကျေးရွာများကို ရွေးချယ်ပုံမှာ ရွာသူရွာသားများသည် နိုးကြားတက်ကြွပြီး အလုပ်လုပ်ချင်စိတ်ရှိသူများဖြစ်ရမည်၊ ကျေးရွာများသည် မြို့နှင့်အလှမ်း သိပ်မဝေး သည့် နေရာများတွင်တည်ရှိရမည်၊ တစ်ရွာနှင့်တစ်ရွာသွားလာသည့်အခါ မဝေးသည့်ကျေးရွာများဖြစ် ရမည်၊ ရွာတစ်ရွာတွင် အိမ်ထောင်စု ၁၀၀ မှ ၃၀၀ အတွင်း ရှိသည့် ကျေးရွာများဖြစ်ရမည်၊ စိုက်ပျိုး ရေးတွင် အခြေခံကောင်းများရှိသည့် ကျေးရွာများဖြစ်ရမည် ဖြစ်သည်။ စံပြကျေးရွာ ၁၁၀ အကောင် အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းတွင် မြေပြန်ဒေသမှ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်တန်းဒေသတွင် ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပင်လယ်ကမ်းရိုးတန်းဒေသတွင် မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး၊ ရခို်င်ပြည်နယ်၊ ပူပြင်းခြောက်သွေ့ဒေသတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ စုပေါင်းပါဝင် အောင်ရွေးချယ်ထားကြောင်း သိရသည်။
” မြန်မာနိုင်ငံအတွင်းရှိကျေးရွာပေါင်း ၆၀၀၀၀ ကျော်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့် ကျေးရွာတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီး ဒီအစီအစဉ်ကို ရေးဆွဲရခြင်းဖြစ်ပါတယ်၊ စိုက်ပျိုးပညာ ပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း တည်ဆောက်ဖို့ သင်ကြားရေးအထောက် အကူပြုပစ္စည်း တွေအပါအဝင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းတန်တဲ့ သင်တန်းကျောင်းကြီးကို နေပြည်တော် ရေဆင်းနယ်မြေထဲမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်နိုင်ခဲ့လို့ အဆိုပါကျောင်းမှာပဲ ကျေးရွာခေါင်းဆောင်တွေကို ကိုရီးယား ပညာရှင်တွေနဲ့ စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေစုပေါင်းပြီး ကျေးရွာသစ်လှုပ်ရှားမှု သင်တန်းတွေ ပို့ချခဲ့ပါတယ်၊ သင်တန်းကျောင်းကြီး ဆောက်လုပ်မပြီးသေးခင် ၂၀၁၅ ခုနှစ်ကစပြီး စီမံကိန်းကျေးရွာ ခေါင်းဆောင်များကို ဆယ်မားအူးလ်စိတ် ဓာတ်ဖြစ်တဲ့ လုံ့လဝိရိယရှိဖို့၊ ကိုယ့်အားကိုယ်ကိုးဖို့နဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့၊ စာရင်းဇယားကိုင်တွယ်တတ်ဖို့အတွက် သင်တန်းတွေကို ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးရေးဌာနမှာ ယာယီဖွင့်လှစ်သင်ကြားပေးခဲ့ ပါတယ်၊ သင်တန်းတွေမှာ ခေါင်းဆောင်မှုသင်တန်းတွေပေးသလို ကိုယ်ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးဖို့ Plan ကို ရေးဆွဲတတ်အောင်လည်းသင်ပေးတယ်၊ နောက်ပြီး ကျေးရွာပြည်သူတွေ စုပေါင်းဆောင် ရွက်တတ်အောင်၊ ကိုယ့်ကျေးရွာကို ဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ်မလဲဆိုတဲ့ အတွေးအခေါ်ပိုင်းတွေကို သင်ကြားပေးပါတယ် ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးကိုကို ကပြောသည်။
စီမံကိန်းကျေးရွာ ၁၁၀ တွင် ပထမနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိးတက်ရေးလုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှုပတ်ဝနးကျင်ဖွံ့ဖြိုးတိုးတကရေးနှင့် ဝင်ငွေတိုးပွားရေး စသော ခေါင်းစဉ်များ အလိုက် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ အကဲဖြတ်အမှတ်ပေးကာ ထူးချွန်သော ကျေး ရွာများကို A အဆင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ B အဆင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပိုမို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် အဓိကအားဖြင့် အရေအ တွက်ပိုင်းဆိုင်ရာ အမှတ်ပေးခြင်းအတွက် ကျေးရွာများတွင် ဆောင်ရွက်ထားသော လုပ်ငန်း ခေါင်းစဉ်ခွဲသုံးခုအလိုက် စွမ်းဆောင်ရည်မြှင့်တင် ရေးကဏ္ဍတွင် အစည်းအဝေး ကျင်းပနိုင်မှု၊ သင်တန်းဖွင့် လှစ်နိုင်မှု၊ လေ့လာရေးသွားရောက်နိုင်မှု၊ သတင်းအချက်အလက် ထုတ်ပြန်နိုင်မှု ဆိုသည့် အချက်များအ ပေါ်မူတည်ပြီး အမှတ်ပေးသွားခြင်းဖြစ်ကြောင်း၊ ထို့အတူ လူနေမှုပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေးတွင် စီမံကိန်း လုပ်ငန်းများ ပြီးစီးမှု၊ ကျေးရွာမှ လုပ်အားငွေ၊ ပစ္စည်းများထည့်ဝင်မှု၊ ကျေးရွာသန့်ရှင်းရေး စုပေါင်းဆောင်ရွက်မှုစသော အချက်များပေါ်မူတည်၍ အမှတ်ပေးသွားခြင်းဖြစ်ကြောင်း၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများတွင်လည်း ရန်ပုံငွေတိုးပွားလာမှု၊ ပါဝင်သည့် အိမ်ထောင်စုဦးရေ၊ အစုအဖွဲ့လုပ်ငန်းဆောင်ရွက်မှုများ စသည့် လက်တွေ့ဆောင်ရွက် ထားရှိမှုများအပေါ်မူတည်ပြီး ၇၀ ရာခိုင်နှုန်း အမှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အရည်အသွေး ပိုင်းဆိုင်ရာအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ တက်ကြွစွာပါဝင်မှု၊ ခေါင်းဆောင်မှုတို့အပေါ် ရုံးချုပ်နှင့် စီမံကိန်းမန်နေဂျာ ကိုရီးယားလူငယ်လုပ်အားပေးများက ၂၀% အကဲဖြတ်အမှတ်ပေး ကြောင်း သိရိပါသည်။
”ကျေးရွာခေါင်းဆောင်ရွေးချယ်ဖို့နဲ့ ကော်မတီဖွဲ့စည်းဖို့ လူရွေးချယ်ပေးတဲ့အခါမှာလည်း ကျေးရွာ လူထုအားလုံးပါဝင်တဲ့ ရွေးချယ်မှုမျိုးတွေနဲ့ ရွေးချယ်ပေးခဲ့ပါတယ်၊ မိမိကျေးရွာရဲ့ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၊ ကျေးရွာရဲ့ ဝင်ငွေတိုးပွားရေးအဖွဲ့၊ ကျေးရွာသူ ကျေးရွာသားတွေရဲ့ စွမ်းဆောင်မှု မြင့်မားရေးအဖွဲ့ ဆိုပြီးဖွဲ့စည်းခဲ့ပါတယ်၊ အဲလိုရွေးချယ်ထားတဲ့သူတွေကို ခုနကသင်တန်းတွေမှာ တက်ရောက်စေခဲ့ပါတယ်၊ ပထမရွေးချယ်ထားတဲ့ ရွာပေါင်း ၁၀၀ အတွက် ၂၀၁၆ ခုနှစ်မှာ တစ်ရွာကို ကွိုက်ကာကနေပြီး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကို သူတို့ချမှတ်ချထားတဲ့ စီမံကိန်းအကောင် အထည်ဖော်နိုင်ဖို့အတွက် ကျေးရွာအသီးသီးကို တိုက်ရိုက်ချပေးခဲ့ပါတယ်၊ အဲဒီမှာ ပတ်ဝန်းကျင်း ဖွံ့ဖြိုးရေးအပိုင်းမှာ ၆၅ ရာခိုင်နှုန်း၊ ဝင်ငွေတိုးပွားရေးမှာ ၃၀ ရာခိုင်နှုန်း၊ စွမ်းဆောင်ရေမြင့်မားရေးမှာ ၅ ရာခိုင်နှုန်း ဆိုပြီး ခွဲဝေသုံးစွဲစေခဲ့ပါတယ်၊ ၆၅ ရာခိုင်နှုန်းက လမ်းတွေ၊ တံတားတွေ၊ ကျေးရွာခန်းမ တွေဆောက်မယ်၊ ၃၀ ရာခိုင်နှုန်းက စိုက်ပျိုးရေး၊ မွေးမြူရေးတွေမှာ အသေးစားချေးငွေလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်၊ ၅ ရာခိုင်နှုန်းကတော့ ရွာမှာ သင်တန်းတွေပေးဖို့၊ အစည်းအဝေးတွေလုပ်ဖို့အတွက် အသုံးပြုကြတယ်၊ ဒါက ၂၀၁၆ ခုနှစ်မှာ ချမှတ်ထားတဲ့ သူတို့ရေးဆွဲထားတဲ့ Plan အရ အသုံးပြုရတာ ဖြစ်ပါတယ်၊ တချို့ တတ်နိုင်တဲ့ရွာတွေက ကျေးရွာကပြည်သူလူထုပါ တတ်နိုင်သလောက်ထည့်ဝင် ကြတာတွေရှိတယ်၊ တချို့ကလည်း ရွာမှာ အသင်းဝင်ကြေးအနေနဲ့ တစ်ယောက်ကို ၂၀၀၀၊ ၃၀၀၀ ဆိုပြီးကောက်ခံပြီး ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်ကြတယ်၊ တချို့ ပိုက်ဆံမရှိတဲ့သူကလည်း ငွေမထည့်နိုင်ပေမဲ့ လုပ်အားနဲ့ လာရောက်ဝိုင်းကူလုပ်ကြတယ်၊ ဥပမာ ကွန်ကရစ်လမ်းခင်းမယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူကို အခကြေးငွေနဲ့ ဌားရမ်းပြီး ကျန်တဲ့ ဘိလပ်မြေသယ်၊ ကျောက်သယ်တဲ့ လုပ်ငန်းတွေမှာ ရွာသူရွာသားတွေဝိုင်းကူလုပ်ကြတယ်၊ ဒါက ပူးပေါင်းဆောင်ရွက် စေတဲ့အလေ့အကျင့်ကိုလည်း ဖော်ဆောင်ပေးလိုက်နိုင်တယ်၊ ရွာသူရွာသားတွေ စိတ်ဓာတ်ပိုင်းဆိုင် ရာတွေကိုပါ ပြုပြင်ပေးနိုင်တဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်” ဟု ၄င်းကဆက်လက်ပြောသည်။
” ဒီကျေးရွာစီမံကိန်းကြောင့် ပြောင်းလဲသွားရတာကတော့ ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး၊ ကျွန်မတို့ရွာမှာ အရင်ကထက်အများကြီးတိုးတက်ပြောင်းလဲသွားပါတယ်၊ ရွာမှာ ကွန်ကရစ်လမ်းတွေခင်းလာနိုင်တယ်၊ လျှပ်စစ်မီးလည်းရလာတယ်၊ ကျေးရွာမှာ ခန်းမတွေ၊ ဆေးပေးခန်းတွေလည်း ဖြစ်လာတယ်၊ ဒါတွေကတော့ ကျွန်မတို့ရွာရဲ့ တိုးတက်ပြောင်းလဲမှုတွေပါပဲ၊ အရင်က ရွံဗွက်ထဲရုန်းပြီး မီးမှောင်မှောင်မှာ နေခဲ့ရတဲ့ဘဝကနေ လျှပ်စစ်မီးတထိန်ထိန်နဲ့ ဗွက်တောထဲဖြတ်စရာမလိုတော့ တစ်ရွာလုံးပျော်မဆုံးပြီပေါ့” ဟု မခိုင်က သူတို့ရွာလေးရဲ့ တိုးတက်ပြောင်းလဲလာပုံကို အပြုံးပိတိနဲ့ ပြောပြသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို ကိုယ်တိုင်ရေးဆွဲရာတွင် ကျေးရွာခေါင်းဆောင်များအချင်း ချင်း တိုင်ပင်၍ မိမိကျေးရွာအတွက် လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှုပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ရွာသူ ရွာသားများအားချပြ အတည်ပြုပြီးနောက် မိမိကျေးရွာ၏ ဖွံ့ဖြိုးရေးစီမံချက်ကို ကို်ယ်တိုင်ရေးဆွဲလျက် အဆင့်ဆင့် တင်ပြ အတည်ပြု အကောင်အထည်ဖော်ရကြောင်း၊ ဝင်ငွေတိုးပွားရေးဆောင်ရွက်မှုတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အိမ်တွင်းမှုလုပ်ငန်းများအသေးစားငွေစုငွေချေးပုံစံဖြင့် ချေးငွေများကို ကျေးရွာလူထုမှ သဘောတူထားသောပမာဏနှင့် အတိုးနှုန်းအတိုင်းထုတ်ချေးခြင်းများ ဆောင်ရွက်ရကြောင်း သိရ သည်။
အဆိုပါစီမံကိန်းမှာ ကျေးလက်နေပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုသာမက စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးနိုင်သည့်အတွက် မြန်မာနိုင်ငံအတွက် တန်းဖိုးရှိသည့် စီမံ ကိန်းပင်ဖြစ်သည်။ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းမှတစ်ဆင့် ကျေးလက်နေပြည်သူများမှာ စုပေါင်း ဆောင်ရွက်တတ်စိတ်၊ ခေါင်းဆောင်ကောင်းဖြစ်စေသည့်စိတ်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ် သည့်အတွက် ၄င်းတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်လာသည်ကိုလည်း တွေ့မြင်ရ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုပင်ဖြစ်သည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ မြှင့်တင်ပေး နိုင်သည့် ဆေးမားအူးလ်ဒွန်စီမံကိန်းသည် မြန်မာ့ကျေးလက်နေလူတန်းစားများအတွက် လူနေမှုဘဝ တိုးတက်ပြောင်းလဲလာနိုင်သည့် စီမံကိန်းကောင်းတစ်ခုပင်ဖြစ်သည်။ စီမံကိန်းတွင်မပါဝင်သေးသည့် ကျန်ကျေးရွာများလည်း ဒီစီမံကိန်း၏တိုးတက်ပြောင်းလဲလာတဲ့ အသီးအပွင့်များကိုခံစားလာနိုင်အောင် စီမံကိန်းတွင်ပါဝင်သော ကျေးရွာများကို စံနမူနာယူကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ဆိုင်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဆေးမားအူးလ်ဒွန်စီမံကိန်းကြောင့် ဘဝအခြေအနေတိုးတက်ပြောင်းလဲသွားသည့် အိမ်ဆိုင်ပိုင်ရှင်မလေးမခိုင်ကဲ့သို့ပင် နောက်ထပ် မခိုင်ပေါင်းများစွာပေါ်ပေါက်လာနိုင်ပါစေလို့ ဆန္ဒပြုရင်း။ ။

ဇူလိုင်မိုး(မြန်မာ့အလင်း)