“အောင်မြင်သောကျေးရွာတိုင်းတွင် ထူးချွန်ထက်မြက်သောခေါင်းဆောင်ကောင်းများ ရှိကြသည်” ဆိုသည့်အတိုင်း မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံ အပင်ပန်းခံ ပြီး ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးရမည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစား အားထုတ်ခြင်းဖြင့် စံနမူနာကောင်းများပြကာ ကျေးရွာသူ/သားများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုရရှိမှာဖြစ်ကြောင်း။ စစ်မှန်ပြီး အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့နောက်ကနေ အတူတကွပူးပေါင်း ဆောင်ရွက်မည့် “ပြည်သူ့အင်အား”ဟာ အလွန်အရေးကြီးကြောင်း ဧပြီလ ၉ ရက် နံနက် ၈ နာရီခွဲအချိန်က နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ၌ ကျင်းပပြုလုပ်သည့် ကျေးရွာသစ်ခေါင်းဆောင်များ ညီလာခံ (Myanmar Saemaul Leadership Forum)တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံတို့၏ ချစ်ကြည် ရင်းနှီးမှုကို အရင်းခံပြီး ကျင်းပပြုလုပ်သော ကျေးရွာသစ်ခေါင်းဆောင်များ ညီလာခံ (Myanmar Saemaul Leadership Forum) သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ တိုင်းဒေသကြီး/ပြည်နယ်များ မှ လယ်ယာ ကဏ္ဍဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လ ဝီရိယရှိခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ ဆယ်မားအူးလ်အွန်ဒုန် စိတ်ဓါတ်များကို အခြေခံပြီး ဆောင်ရွက်ကြရာတွင် ကျေးရွာခေါင်းဆောင်များ၊ကျေးရွာသူ ကျေးရွာသားများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ကြိုးပမ်းခဲ့ကြမှုကြောင့် စီမံကိန်းဝင် ကျေးရွာများအားလုံး သိသာသော တိုးတက်အောင်မြင်မှုများရရှိနေမှုအပေါ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ၊
မြန်မာနိုင်ငံတွင် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် (၁၀) ခု၊ မြို့နယ် (၂၇) မြို့နယ်ရှိ ရှေ့ပြေးစံပြကျေးရွာ (၁၁၀)တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရုပ်ပိုင်း စိတ်ပိုင်းဖွံ့ဖြိုးမှုရလဒ်ကောင်းတွေ ရရှိနေသကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာမှု အောင်မြင်မှုများကို ရေရှည်တည်တံ့စေရေး နှင့် အခြား ကျန်ရှိ နေသေးသည့် ကျေးရွာများပါ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr. Lee Sang-hwa က မြန်မာနိုင်ငံတွင် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းဝင် ကျေးရွာများ၏ အောင်မြင်မှုများအတွက် ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်စဉ်စံပြကျေးရွာ ခေါင်းဆောင် ဦးခွန်ချမ်းသာ က ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အတွေ့အကြုံ၊ ရလဒ်များအား ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်စံပြကျေးရွာဆုများ၊ ထူးချွန်ဝန်ထမ်းဆုရရှိသူများကို ထူးချွန်ဆုနှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်ကြပြီး ကိုရီးယားသံအမတ်ကြီးနှင့် ပညာရှင်များအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်သည်။
“ပထမဆုံးအနေနဲ့ ကျေးရွာခေါင်းဆောင်များ ရွေးချယ်ပြီး ကိုယ့်အား ကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ စိတ်ဓါတ်တွေ ရရှိ လာအောင် မိမိရွာအတွက် အမှန်တကယ် လိုအပ်နေတဲ့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ကိုယ်တိုင်စီမံချက်ရေးဆွဲပြီး အများရဲ့သဘောတူညီချက်နဲ့အညီ ဦးဆောင် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ သင်တန်းပြီးဆုံးတဲ့ အခါမှာတော့ မိမိရွာရဲ့စွမ်းဆောင်ရည် မြင့်မားရေး၊ လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဝင်ငွေတိုးပွားရေးတို့ကို ကဏ္ဍအလိုက် ဘက်စုံ ထောင့်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကျေးရွာသူ/သားအားလုံးရဲ့ ပူးပေါင်းပါဝင်မှု နဲ့ ဆောင်ရွက်ခဲ့ကြတဲ့အခါ သိသာ မြင်သာတဲ့ ရလဒ်တွေဖြစ်တဲ့ လူနေမှုပတ်ဝန်းကျင်များ ဖွံ့ဖြိုးတိုးတက်လာခြင်းများ၊ ကျေးရွာကိုယ်ပိုင် ရန်ပုံငွေများ ရရှိလာသကဲ့သို့ မမြင်ရသော ရလဒ်များဖြစ်သော လူမှုရေး စိတ်ဓါတ်များ၊ ပူးပေါင်း ဆောင်ရွက်လိုသော စိတ်ဓါတ်များ၊ ကိုယ့်အားကိုယ်ကိုးသောစိတ်ဓါတ်များ၊ မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အတွက် ကိုယ်တိုင် ကြိုးစားရမည်ဆိုသော စိတ်ဓါတ်များ လည်း ရရှိလာခြင်း စသော စွမ်းဆောင်ရည်များဖွံ့ဖြိုး တိုးတက်လာတာကို တွေ့ရပါတယ်” ဟု စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က ပြောသည်။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံအကြား ၂၀၁၄ ခုနှစ် မှစ၍ မြန်မာ ဆယ်မားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းအရ အတွေ့အကြုံများ မျှဝေပေးခြင်း၊ ငွေကြေး နှင့် နည်းပညာ ဆိုင်ရာများ ကူညီထောက်ပံ့ပေးခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခု၏ မြို့နယ် (၂၇)မြို့နယ်ရှိ ရှေ့ပြေးစံပြကျေးရွာ(၁၁၀)တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ကျေးရွာများတွင် ကိုယ်ပိုင်အရင်းအနှီး မ,တည်ငွေများဖြင့် လည်ပတ်ဆောင်ရွက်လျက် ရှိနေကြောင်း သတင်းရရှိသည်။