အော်ဂဲနစ်-Organic

မြန်မာ့အော်ဂဲနစ်စိုက်ပျိုးရေးစံချိန်စံညွှန်းများမိတ်ဆက်ခြင်း

မြန်မာ့အော်ဂဲနစ်စံချိန်စံညွှန်းများသည် အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ တိတိကျကျ သိရှိလိုက်နာနိုင်စေဖို့နဲ့၊ အော်ဂဲနစ်ထောက်ခံချက် လက်မှတ် လျှောက်ထားရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

               အော်ဂဲနစ်စိုက်ပျိုးရေးစနစ်နှင့်ပက်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက် များစွာရှိသော်လည်း အရိုးရှင်းဆုံးဆိုရပါလျှင် အော်ဂဲနစ်သီးနှံထုတ်လုပ်ခြင်းဆိုသည်မှာ သဘာဝသက်ရှိစနစ်များ၊ ၄င်းတို့၏ သံသရာစက်ဝန်းများအား မထိခိုက်စေဘဲ ကျွန်ုပ်တို့ စားသုံးသူများအား ဘေးကင်းသည့် အစားအစာများကို ထောက်ပံ့ပေးသည့် စိုက်ပျိုးရေးစနစ်တစ်ခုပင် ဖြစ်ပါတယ်။

             သို့ပေမယ့် အစားအစာ သို့မဟုတ် စိုက်ပျိုးရေးထွက်ကုန်များအား “အော်ဂဲနစ်”ဟု တံဆိပ်တပ်၍ ရောင်းချလိုလျှင် ၄င်းတို့သည် သတ်မှတ်ထားသည့် အော်ဂဲနစ် စံချိန်စံညွှန်းများ အတိုင်း လိုက်နာထုတ်လုပ်ရမှာဖြစ်ပါတယ်။ ကိုးကားလိုက်နာဖို့အတွက် စံချိန်စံညွှန်းများ လိုအပ်ပါတယ်။ ထို့နောက် အော်ဂဲနစ်ထောက်ခံချက်လက်မှတ်ထုတ်ပေးရေးအဖွဲ့ထံ လက်မှတ် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ တစ်ကမ္ဘာလုံး၌ အော်ဂဲနစ် စံချိန်စံညွှန်းမျိုးစုံ (၂၀၀) ခန့်ကို နိုင်ငံအလိုက် ပြဌာန်းဆောင်ရွက်လျှက်ရှိပြီး၊ အဖွဲ့အစည်းအသီးသီးမှ အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်များ ပေးအပ်လျှက်ရှိပါတယ်။

              ကျွန်တော်တို့မြန်မာနိုင်ငံမှာ အော်ဂဲနစ်သီးနှံထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာစေဖို့ ခြေလှမ်းတစ်ခုအနေဖြင့် မြန်မာ့အော်ဂဲနစ်စံချိန်စံညွှန်းများကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အော်ဂဲနစ်စံချိန်စံညွှန်းများကို ပြင်ဆင်ရာမှာ အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများကို အဓိကထား မှီငြမ်းရေးသားခဲ့ကြပါတယ်။

              အာဆီယံအော်ဂဲနစ် စံညွှန်းများဆိုတာ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံအချို့၏ အမျိုးသားအော်ဂဲနစ်စံချိန်စံညွှန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ ဝိုင်းဝန်းရေးဆွဲထားခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှ ကောင်းစွာအသိအမှတ် ပြုထားပြီး၊ အာဆီယံနိုင်ငံများမှ လွတ်လပ်စွာမှီငြမ်းကျင့်သုံးခွင့် ရှိပါတယ်။ လက်ရှိအချိန်မှာ အာဆီယံနိုင်ငံများမှလည်း အဆိုပါအာဆီယံ အော်ဂဲနစ်စံချိန် စံညွှန်းများကို (၁၀၀ %) နီးပါး မှီငြမ်း ရေးဆွဲပြဌာန်းလျှက်ရှိပါတယ်။

            အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများစတင်ဖြစ်ပေါ်လာပုံကတော့ အင်ဒိုနီးရှားနိုင်ငံ၊ Yogyakarta မြို့၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၉ မှ ၁ဝရက်နေ့အထိ ကျင်းပခဲ့တဲ့ အာဆီယံ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးများရဲ့ Special SOM-33rd AMAF အစည်းအဝေးမှာ အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများ (ASEAN Standards for Organic Agriculture, ASOA)ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထို့နောက် အာဆီယံ အော်ဂဲနစ်စံချိန်စံညွှန်းများအား Codex, IFOAM, Asia Regional Organic Standards (AROS) နှင့် အာဆီယံနိုင်ငံအချို့၏ အမျိုးသားအော်ဂဲနစ်စံချိန်စံညွှန်းများအပေါ် အခြေခံ၍ အာဆီယံနိုင်ငံများမှ ဝိုင်းဝန်း ရေးဆွဲထားခဲ့ကြပါတယ်။ အာဆီယံအဆင့် နည်းပညာ အစည်း အဝေး ပေါင်း များစွာကျင်းပခဲ့ပြီးနောက် ၂၀၁၄၊ သြဂုတ်လမှာတော့ အတည်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

              မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းတွင် စားသုံးမှိုအပါအဝင် စားသုံးရန်ရည်ရွယ်သည့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ သဘာဝထွက်ကုန်များ၊ အော်ဂဲနစ် သီးနှံများ နှင့် ထုတ်ကုန်များကို ရိတ်သိမ်းချိန်လွန်စီမံခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် တံဆိပ်ကပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လိုက်နာ ရမည့် သတ်မှတ်ချက်များပါဝင်ပါတယ်။

           မြန်မာ့အော်ဂဲနစ်စံချိန်စံညွှန်းများမှာ အော်ဂဲနစ်ရဲ့ ဝိသေသ လက္ခဏာများကို မထိခိုက်စေရန် အထူးတလည်ထိန်းသိမ်းထားသကဲ့သို့၊ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီ စေဖို့လဲ ရေးဆွဲထားပါတယ်။ ထို့ပြင်အော်ဂဲနစ်စိုက်ပျိုးသူများအတွက် လိုက်နာကျင့်သုံးရာမှာ လက်တွေ့ကျခြင်းနဲ့၊ လွယ်ကူစေခြင်းကိုလည်းထည့်သွင်းစဉ်စားခဲ့ကြပါတယ်။ မြန်မာ့အော်ဂဲနစ် စံချိန်စံညွှန်းများကို ကဏ္ဍ (၆)ရပ်နဲ့ အဓိကထားပြင်ဆင် ရေးဆွဲထားပါတယ်။

၄င်းတို့မှာ

၁။ အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းစီမံခန့်ခွဲမှု
၂။ သဘာဝအတိုင်းပေါက်ရောက်သည့် သီးနှံပင်များ
၃။ ခူးဆွတ်ခြင်း၊ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် ထုပ်ပိုးခြင်း
၄။ အော်ဂဲနစ်ထုတ်ကုန်များအမှတ်တံဆိပ်တပ်ခြင်းနှင့် အဆိုပြုချက်များ
၅။ နောက်ကြောင်းပြန်လိုက်ခြင်းနှင့် အထောက်အထားများထားရှိခြင်း
၆။ ပြဌာန်းထားခြင်းမရှိသည့်ပစ္စည်းများအား အသုံးပြုခြင်း
စသည်တို့ဖြစ်ကြပါသည်။
ကဏ္ဍအလိုက် အချုပ်ရှင်းပြရမည်ဆိုပါက–
၁။ အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းစီမံခန့်ခွဲမှု
——————————————————
၁.၁။ ကူးပြောင်းကာလ (ဥပမာ- အော်ဂဲနစ်အဖြစ်မသတ်မှတ်မီ အော်ဂဲနစ်အစီအမံများကို နှစ်ချင်းသီးနှံများအတွက် အနည်းဆုံး (၁၂)လနှင့် နှစ်ရှည်သီးနှံများအတွက် အနည်းဆုံး (၁၈)လတွင် လိုက်နာထားရှိရပါမည်။)
၁.၂။ အော်ဂဲနစ်စီမံခန့်ခွဲမှုများအား လိုက်နာခြင်း (ကတိကဝတ်များကို လိုက်နာရမည်)
၁.၃။ သီးခြားထုတ်လုပ်ခြင်းနှင့် အပြိုင်ထုတ်လုပ်ခြင်း (အော်ဂဲနစ်မဟုတ်သည့် အလေ့အကျင့်များအား စိုက်ကွင်း၊ ဂိုဒေါင်တစ်ခုထဲ၌ တပြိုင်နက်ဆောင်ရွက်ခြင်းကို ခွင့်မပြုပါ)
၁.၄။ ညစ်ညမ်းမှုမှ ရှောင်ကြဉ်ခြင်း (ညစ်ညမ်းမှုများမှရှောင်ကြဉ်ရန် ကြားခံဇုံများ ထားရှိရမည်)
၁.၅။ စိုက်ခင်း၊ မြေဆီသြဇာနှင့် ရေ စီမံခန့်ခွဲခြင်း
၁.၆။ သီးနှံနှင့်မျိုးရွေးချယ်မှု
၁.၇။ ဂေဟစနစ်များ စီမံခန့်ခွဲမှုနှင့် သီးနှံထုတ်လုပ်မှုများတွင် ကွဲပြားခြားနားမှုများ
၁.၈။ ပိုးမွှား၊ရောဂါ၊ပေါင်းနှင့်ကြီးထွားမှုအခြေအနေများကိုစီမံခန့်ခွဲခြင်း
၂။ သဘာဝအတိုင်းပေါက်ရောက်သည့် သီးနှံပင်များ
—————————————————–
၂.၁။ သဘာဝပေါက် သီးနှံပင်များအား ခူးဆွတ်၍ အော်ဂဲနစ်သီးနှံ (သဘာဝပေါက်ပင်)များဟု သတ်မှတ်မည်ဆိုပါက သီးနှံမျိုးစိတ်များ ရေရှည်အထွက်ရရှိစေရန်နှင့် ၄င်းဒေသ၏ ဂေဟစနစ်ကို ထိုခိုက်မှုမရှိသည့် ခူးဆွတ်သောစနစ်ဖြစ်ရန်လိုအပ်သည်။
၂.၂။ အဆိုပါဧရိယာသည် စီးပွားဖြစ်သီးနှံထုတ်လုပ်ခဲ့ခြင်းမရှိဘဲ ကန့်သတ်ထားသည့် သွင်းအားစုများကို လွန်ခဲ့သည့် (၃) နှစ်အတွင်း အသုံးပြုထားခြင်းမရှိစေရ။
၂.၃။ မျိုးသုဉ်းလုနီးပါးဖြစ်နေသောမျိုးစိတ်များ၊ တရားဝင်ထိန်းသိမ်းထားသော မျိုးများ/ဒေသများမဖြစ်စေရပါ။
၃။ ခူးဆွတ်ခြင်း၊ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် ထုပ်ပိုးခြင်း
————————————————————————————————
၃.၁။ ရိတ်သိမ်းချိန်လွန်နည်းပညာစီမံခန့်ခွဲမှု
၃.၂။ ပြုပြင်မွမ်းမံ၍တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် ကိုင်တွယ်ထိန်းသိမ်းခြင်း
၃.၃။ သိုလှောင်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်း
၄။ အော်ဂဲနစ်ထုတ်ကုန်များအမှတ်တံဆိပ်တပ်ခြင်းနှင့် အဆိုပြုချက်များ
—————————————————————-
၄.၁။ အော်ဂဲနစ်ထုတ်ကုန်များအား အမှတ်တံဆိပ်ကပ်ရာတွင် ရှင်းလင်းစွာခွဲခြားထား၍ သက်ဆိုင်ရာ သတင်းအချက်အလက်များအား ဖော်ပြထားရမည်။
၄.၂။ တံဆိပ်ကပ်ရာတွင် ပါဝင်ပစ္စည်းများကို အလေးချိန်ရာခိုင်နှုန်းဖြင့်ဖော်ပြ၍ အော်ဂဲနစ်စစ်မှန်မှုရှိမရှိကိုလည်း ဖော်ပြထားရမည်။
၄.၃။ ပြုပြင်ပြင်ဆင်ထားသည့် အော်ဂဲနစ်ထွက်ကုန်များတွင် အော်ဂဲနစ်ပစ္စည်းများပါဝင်မှုသည် အနည်းဆုံး ၉၅%ရှိလျှင် အော်ဂဲနစ်ဟုသတ်မှတ်နိုင်သည်။
၄.၄။ အော်ဂဲနစ် ပစ္စည်းများပါ၀င်မှု ၇၀% အောက်နည်းလျှင် (အစိုင်အခဲများအတွက် အလေးချိန်နှင့် အရည်များအတွက် ထုထည်) ထုတ်ကုန်တွင် အော်ဂဲနစ်ပစ္စည်းများပါ၀င်သည်ဟု ဖော်ပြနိုင်သော်လည်း ‘အော်ဂဲနစ်’ (သို့) ‘အော်ဂဲနစ်ပစ္စည်းများဖြင့်ပြုလုပ်ထားသည်’ (သို့) ‘အလားတူအသုံးအနှုန်းများ’ကို အညွှန်းတံဆိပ်တွင် မတပ်နိုင်ပါ။
၅။ နောက်ကြောင်းပြန်လိုက်ခြင်းနှင့် အထောက်အထားများထားရှိခြင်း
————————————————————————
၅.၁။ အထောက်အထားမှတ်တမ်းများထားရှိရာတွင် ကုန်ကြမ်းပစ္စည်းများ ဆိုင်ရာ အချက်အလက်များ၊ ထုတ်လုပ်မှုသွင်းအားစုများကဲ့သို့သော အချက်အလက်များအား၊ ထုတ်လုပ်မှု ကွင်းဆက်အားလုံးရှိ ပမာဏ၊ ရောင်းချရမှုများကဲ့သို့ အော်ဂဲနစ်ဆောင်ရွက်မှုအားလုံးတွင် အော်ဂဲနစ် စစ်မှန်မှုကို နောက်ကြောင်းပြန်လိုက်မှုသေချာစေရမည်။
၅.၂။ ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရပြီး သတင်းအချက်အလက်များ ပြန်ရစေရန် လွယ်ကူမှုရှိရမည်။
၆။ ပြဌာန်းထားခြင်းမရှိသည့်ပစ္စည်းများအား အသုံးပြုခြင်း
—————————————————————
အော်ဂဲနစ်စံချိန်စံညွှန်းတွင်ပြဌာန်းထားခြင်းမရှိသည့် သွင်းအားစု (သို့) ပစ္စည်းများအား အသုံးပြုမည့်ဆိုပါက အောက်ပါအခြေအနေများနှင့် ကိုက်ညီရမည်ဖြစ်ပါတယ်။
၆.၁။ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုရည်ရွယ်ချက်များအတိုင်း ကိုက်ညီရမည်။
၆.၂။ ပစ္စည်းများအား ရည်ရွယ်ထားသည့်အသုံးပြုမှုသည် မဖြစ်မနေ/လိုအပ်နေရမည်။
၆.၃။ ပစ္စည်းများအားအသုံးပြုမှုနှင့် စွန့်ပစ်မှုသည် ပတ်၀န်းကျင်ကိုဆိုးကျိုးများမဖြစ်စေရ။
၆.၄။ ပစ္စည်းများသည် လူသားနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးများ
မရှိစေရ။
၆.၅။ ခွင့်ပြုထားသည့် အစားထိုးပစ္စည်းများသည် အရေအတွက်နှင့် အရည်အသွေး မလုံလောက်သည့် အခြေအနေတွင်သာ ခွင့်ပြုသည်။
ထို့ပြင် မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းများတွင် စိုက်ပျိုးထုတ်လုပ်သူများ၊ တဆင့်ခံရောင်းဝယ်ဖောက်ကားမည့်သူများ၊ ရောင်းချသူများ၊ စားသုံးသူများနှင့် အော်ဂဲနစ်ထောက်ခံချက်ပေးရေးအဖွဲ့အကြား အငြင်းပွားမှုမရှိဘဲ ရှင်းလင်းတိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ခွင့်ပြုထားသည့်ပစ္စည်းများစာရင်းကို နောက်ဆက်တွဲ (၄)ခုတွင် တိတိကျကျဖော်ပြထားရှိပါသည်။
နောက်ဆက်တွဲ ၁ – အော်ဂဲနစ်အစားအစာများထုတ်လုပ်ရာတွင် ခွင့်ပြုထားသည့် မြေသြဇာနှင့် မြေပြုပြင်ပစ္စည်းများစာရင်း
နောက်ဆက်တွဲ ၂ – အော်ဂဲနစ်အစားအစာများထုတ်လုပ်ရာတွင် ခွင့်ပြုထားသည့် သီးနှံ ကာကွယ်ရေးပစ္စည်းများ၊ Growth Regulators များ၊ မျိုးစေ့ပြုပြင်သည့် ပစ္စည်းများ စာရင်း
နောက်ဆက်တွဲ ၃ – အော်ဂဲနစ်အစားအစာများထုတ်လုပ်ရာတွင် ခွင့်ပြုထားသည့် ဖြည့်စွက်ပစ္စည်းများ၊ အစားအစာများပြင်ဆင်ရာတွင်ဖြည့်စွက်ပစ္စည်းများစာရင်း
နောက်ဆက်တွဲ ၄ – အော်ဂဲနစ်အစားအစာများထုတ်လုပ်ရာတွင် အစားအစာများနှင့် တိုက်ရိုက် ထိတွေ့နိုင်သည့် ခွင့်ပြုထားသည့် သန့်ရှင်းရေးကိရိယာများနှင့် ပိုးသန့်ဆေး များ စာရင်း
နိဂုံးချုပ်အနေဖြင့် အော်ဂဲနစ်စံချိန်စံညွှန်းများမှသည် အော်ဂဲနစ်ထောက်ခံချက်လက်မှတ်များ ပေးအပ်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာအော်ဂဲနစ်စံချိန် စံညွှန်းများသည် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ ကိုးကားလိုက်နာနိုင်မည့် ရည်ညွှန်းချက်တစ်ခု၊ အော်ဂဲနစ်စစ်မှန်မှုကို ပြသနိုင်ဖို့ မှတ်ကျောက်တစ်ခု၊ စျေးကွက်များမှာ မျက်နှာပန်းလှစေမယ့် အာမခံချက်တစ်ခုအဖြစ် များစွာအသုံးဝင်မှာ ဖြစ်ပါတယ်။

(ဒေါက်တာဝဏ္ဏထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန)