နှစ်ရှည်သီးနှံ လယ်ယာကဏ္ဍ

မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်မှု

ကော်ဖီသမိုင်း

        ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီဒေသသို့ ၁၈၈၅ ခုနှစ်တွင် ခရစ်ယာန် မစ်ရှင်အဖွဲ့မှစတင် တင်သွင်းခဲ့ကြောင်း ” Director of   Agriculture Burma Office Research in 1940” စာအုပ်တွင်တွေ့ရှိရပါသည်။ တနင်္သာရီတိုင်း၊ မြိတ်နှင့်ထားဝယ်ခရိုင်များတွင် သစ်တောဌာနမှဦးစီး၍ စမ်းသပ် ကော်ဖီခြံနှစ်ခြံ တည်ထောင် ခဲ့ဘူးပါသည်။တစ်ချိန်တည်းတွင် ကရင်ပြည်နယ်နန်ချိုဒေသတွင်လည်း ကော်ဖီခြံတစ်ခြံ တည်ထောင်ခဲ့ဘူးပါသည်။

ထို့နောက်သံတောင်ဒေသနှင့်တောင်ငူဒေသရှိ ကရင်တိုင်းရင်းသားတို့သည် မိမိတို့၏ အိမ်ခြံဝင်းများတွင် ကော်ဖီကိုစိုက်ပျိုးလာကြသည်။ ယင်းဒေသတွင်အခြေစိုက်ထားသော ရိုမန်ကက်သလစ် သာသနာပြုအဖွဲ့များကလည်း ကော်ဖီစိုက်ပျိုးရန် စည်းရုံး လှုံ့ဆော် အားပေးမှုကြောင့် ကော်ဖီစိုက်ပျိုးသူများ တိုးတက်များပြားလာသဖြင့် တောင်ငူ ကော်ဖီ ဟုပင် ထင်ရှားလာခဲ့သည်။ ၄င်းဒေသများမှတဆင့် ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ ရွာငံ၊ ကချင် ပြည်နယ်မြစ်ကြီးနားနှင့် ပြင်ဦးလွင် ဒေသများသို့  ကော်ဖီ စိုက်ပျိုး ခြင်းများ ပြန့်နှံ့ခဲ့သည်။ ၁၉၃၀  ပြည့် နှစ်တွင်  ရိုမန်ကက်သလစ်သာသနာပြု  အဖွဲ့များသည်  အာရေဗီးကားကော်ဖီမျိုးများကို  ရှမ်းပြည် တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့်  ပြင်ဦးလွင် ဒေသများတွင် စတင် မိတ်ဆက်စိုက်ပျိုးစေခဲ့သည်။

၁၉၃၀ ခုနှစ်မှ ၁၉၃၄ ခုနှစ်များတွင်ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ချောင်းကွေ့ရွာအနီးတွင် စကော့လူမျိုး Mr.George Shand ဆိုသူက ဧက ၁၂၀ ရှိ အာရေးဗီးကား ကော်ဖီခြံအား “Shan Mountain Coffee Estate”အမည်ဖြင့် တည်ထောင် စိုက်ပျိုးခဲ့ပြီး  စီးပွားဖြစ်နိုင်ငံတကာ  အဆင့်မှီကော်ဖီများ ထုတ်လုပ်ခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သက်တမ်းနှစ်ပေါင်း၇၀ကျော်အထိ ကော်ဖီကိုစီးပွားဖြစ် ထုတ်လုပ် နိုင်ကြောင်း တွေ့ရသည်။

ဘိန်းအစားထိုးစီမံကိန်းအရ ကော်ဖီစိုက်ပျိုးရေးကိုမြှင့်တင်ခဲ့ပြီး  ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ အိမ်ခြံဝန်းကော်ဖီ စိုက်ပျိုးခြင်းကို တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။

လက်ရှိကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ

(က) စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ကောက်ခံသောစစ်တမ်းများအရ  ၂၀၁၇-၁၈  ခုနှစ်တွင် ကော်ဖီဧရိယာစုစုပေါင်း ၂၀၀၁၅ ဟက်တာ (၅၀၀၀၀ ဧက ခန့်) ရှိပြီး ထုတ်လုပ်မှု ဧရိယာမှာ ၁၂၂၄၅ ဟက်တာ (၃၀၃၀၀ ဧက ခန့်) ရှိပါသည်။ တစ်နိုင်ငံလုံး အနေဖြင့် ကော်ဖီဆံထွက်ရှိမှုမှာ (၈၆၁၁) တန်ရှိပါသည်။

မြန်မာနိုင်ငံတွင်အာရေဗီးကားထုတ်လုပ်မှုမှာ ၈၀%  ဖြစ်ပြီး   ရိုဘတ်စတာကော်ဖီ ထုတ်လုပ်မှုမှာ ၂၀% ဖြစ်ပါသည်။

() မြန်မာနိုင်ငံတွင်စိုက်ပျိုးသောမျိုးများ       

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ကော်ဖီ (၄) မျိုးမှာ အာရေးဗီးကား၊ ရိုဘတ်စတာ၊ လိုက်ဘရီးကား နှင့် အိတ်ဆယ်ဆာ ကော်ဖီတို့ဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင်အဓိကစိုက်ပျိုးသော ကော်ဖီ (၂) မျိုးမှာကုန်မြင့်ကော်ဖီ အာရေးဗီကာမျိုးနှင့် မြေနိမ့်ကော်ဖီရိုဘတ်စတာမျိုးများဖြစ်ပါသည်။မြန်မာနိုင်ငံတွင်စိုက်ပျိုးသော အာရေးဗီးကား ကော်ဖီ (၂၆) မျိုးအနက် ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေး ဗဟိုဌာနမှ ကော်ဖီမျိုး (၁၂) မျိုးကို မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီမှ အသိအမှတ်ပြု လက်မှတ် ရရှိထားပြီး ဖြစ်ပါသည်။ ၎င်း ကော်ဖီမျိုး (၁၂) မျိုးမှာ H 528, P 86, T 8667, T 90, LC 1662, SL 28 (Bb), SL 28(CM), P 88, C 1669, H 306, SL 34(Bb), Catimor တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ရိုဘတ်စတာကော်ဖီ (၈) မျိုးမှာ FRT 83 , FRT 79, PRO-TPO 15 , PP 08 , SC 10 , SKE 10, FRT 65 တို့ဖြစ်ပါသည်။   အများအားဖြင့် ကုန်းမြင့်ကော်ဖီမျိုးများကို ရှမ်းပြည်တောင်ပိုင်း၊  ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်၊  ကချင်ပြည်နယ်၊  ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် နှင့် မကွေးတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးပြီး မြေနိမ့်ကော်ဖီမျိုးများကို ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့်ကရင်ပြည်နယ်တို့တွင်စိုက်ပျိုးပါသည်။

အာရေးဗီးကားကော်ဖီမျိုးကို ပင်ကြား၊ တန်းကြား ၄ပေx ၈ပေ ဖြင့် တစ်ဧက လျှင် ၁၃၆၀ ပင်ဝင်ဆံ့ပြီး၊ ရိုဘတ်စတာ​ကော်ဖီမျိုးမှာ ပင်ကြား၊ တန်းကြား ၁၀ပေx ၁၀ ပေ ဖြင့် တစ်ဧကလျှင် ၄၃၅ ပင်ဝင်ဆံ့ပါသည်။

လက်ရှိဆောင်ရွက်လျှက်ရှိသော ကော်ဖီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများ

                နိုင်ငံပိုင် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံများသည် အစိုးရနှင့် ပုဂ္ဂလိကပိုင်း ဆိုင်ရာ စီးပွားဖြစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက် ရှိပြီး  ပြည်ပသို့တင်ပို့ရောင်းချရန်၊  ပြည်တွင်းစားသုံးမှု ဖြည့်ဆည်းရန်အတွက် ထုတ်လုပ် ဖြန့်ဖြူးလျှက်ရှိပါသည်။ ထို့အပြင် မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့်ပျိုးပင်များ ဖြန့်ဖြူးပေးခြင်း နှင့် နည်းပညာများပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ နိုင်ငံပိုင်ခြံများ၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု ဧရိယာမှာ (၃၂၆) ဟက်တာရှိပါသည်။ ယခုအခါ ပင်အိုပင် ဟောင်းများအား အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းမျိုးများဖြင့် အစားထိုး လဲလှယ်လျှက်ရှိပါသည်။

ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာနတွင်ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများမှာ-

  • ကော်ဖီမျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးသုတေသန
  • ဒေသအလိုက် သင့်လျှော်သည့် မျိုးရွေးချယ်စမ်းသပ်ခြင်း သုတေသန
  • အပင်ဇီဝကမ္မဆိုင်ရာသုတေသန
  • အပင်အဟာရဆိုင်ရာသုတေသန
  • စိုက်နည်းစနစ်ဆိုင်ရာသုတေသန
  • ရောဂါပိုးမွှားဆိုင်ရာသုတေသန
  • ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသန နှင့်
  • တစ်သျူးဖြင့်မျိုးပွားခြင်းသုတေသန တို့ဖြစ်ပါသည်။