မွန်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအား အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃)၏ အလိုအလျောက်ခလုတ်ဆွဲစနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် -၁၀(40Kg အိတ် – ၂၅၀) အား မွန်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများသို့ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(ပြည်ထောင်စုဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) မှ APTERR (Asean Plus Three Emergency Rice Reserve) ကောင်စီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင် နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေး က မွန်ပြည်နယ်ရေဘေးသင့် ပြည်သူများအား လာရောက်လှူဒါန်းပေးသည့် APTERR အတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က APTERR အဖွဲ့သည် နိုင်ငံအတွင်း အရေးပေါ် ကိစ္စရပ်များ ကြုံသည့်အခါ အကောင်းဆုံးကူညီနိုင်စေရန် အစီအစဉ် တစ်ခုဖြစ်သည့် အာဆီယံ အပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် APTERR အစီအစဉ်အရလှူဒါန်းသော ဆန်များအား မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က လက်ခံရယူပြီး သဘာဝဘေးသင့်ပြည်သူများအား လှူဒါန်းထားသော ဆန်များအား ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင် တို့ထံပြန်လည်ပေးအပ်သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင် က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃)၏ အလိုအလျောက် ခလုတ်ဆွဲစနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁ဝတန်(အိတ် – ၂၅၀) အား လက်ရှိရေဘေးသင့်ခံစားနေရသည့် ကျိုက်မရောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ကြောင်း သိရှိရသည်။