မြန်မာ-ဂျပန် စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် နှင့် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ် နှင့် ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ JICA ၊ JETRO ၊ Mitsui Company တို့မှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာစကားပြောကြားရာ၌ သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များတွင် အဆင့်မြင့် နည်းပညာများ၏ အသုံးဝင်မှုအား စိုက်ပျိုးရေးကဏ္ဍနှင့် ပါဝင်ပတ်သက်သူ အားလုံး တို့က ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ပညာရှင်များနှင့် စိုက်ပျိုး လုပ်ကိုင်သူများအကြား မှန်ကန်မြန်ဆန်သည့် နည်းပညာ သတင်းအချက်အလက်များ အချိတ်အဆက်မိမိ ဆောင်ရွက်ခြင်းဖြင့် တိကျခိုင်မာသည့် သတင်းအရင်းမြစ်များ ရရှိမှုနှင့် အတူ လယ်ယာကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန် ချိတ်ဆက် ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး သုတေသန စမ်းသပ် ဆောင်ရွက် ချက် များ နှင့် တိုးချဲ့ပညာပေးရေး လုပ်ငန်း စဉ်များကို အဓိကဆောင်ရွက် ကြရန် လိုအပ် ကြောင်း၊ စိုက်ပျိုးစီးပွားကဏ္ဍနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အရည်အသွေးကောင်း သီးနှံ မျိုးများ ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေး ဆိုင်ရာ မူဝါဒများ၊ လူမှုစီးပွားဆိုင်ရာယဉ်ကျေးမှု၊ နိုင်ငံရေး ၊ စီးပွားရေး၊ အခြေခံ အဆောက်အအုံများသည် စီးပွားရေးကဏ္ဍကြီးတွင်ပါဝင်ပြီး သုတေသန ဆောင်ရွက် ချက်များ၊ ပညာရေးနှင့် လေ့ကျင့် သင်ကြားရေး၊ ဘဏ္ဍာရေး စီမံ ခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများ သည် ဖွဲ့စည်းမှုဆိုင်ရာ ကဏ္ဍတွင် ပါဝင်ကြောင်း၊
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် အနေ ဖြင့် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုး လာရေးအတွက် အရေအတွက်ထက် အရည်အချင်း ရှိသည့် စိုက်ပျိုးရေးပညာရှင် မျိုးဆက်သစ်များ၊ တိုးချဲ့ ပညာပေးပညာရှင်များ မွေးထုတ် ပေးရေးအတွက် အရေးပါသည့် တက္ကသိုလ် ဖြစ်သည့် နည်းတူ အခြားတစ်ဘက်တွင် လည်း တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုး လုပ် ကိုင် သူများအား နည်းပညာ ဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးဝန်ထမ်းများ အတွက် စွမ်းဆောင် ရည် မြှင့်တင်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပိုမိုကောင်းမွန်သည့် အသိပညာ ဗဟုသုတမျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများ၏ အကျိုးရလဒ်ကို ကောင်းစွာ နားလည်ပြီး ရရှိလာသည့် အခွင့်အလမ်းများကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှင့် ဂျပန်နိုင်ငံ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်တို့အကြား စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ၊ စီမံ ခန့်ခွဲမှုစနစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မှတဆင့် လယ်ယာဖွံ့ဖြိုးရေးကို ဆောင်ကြဉ်း ပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် နှင့် Asia Pacific Business Unit, Mitsui Company မှ Mr. Koizumi DOO တို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြ သည်။
ဆက်လက်၍ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်မှ Professor Dr. Yamada က ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု နှင့် စိုက်ပျိုးနည်းပညာပေး စာတမ်းကို လည်းကောင်း၊ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးဓာတုဗေဒဌာန မှ Professor Dr. Yokota က အပင်ဇီဝထိန်းချုပ်မှုဖြင့် အပင်ပိုးမွှားရောဂါ တားဆီးကာကွယ်ခြင်း စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြကြရာ တက်ရောက် လာကြသူများ က သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများ အား နိုင်ငံတကာအတွေ့အကြုံများနှင့် နည်းပညာဆိုင်ရာဗဟုသုတများ လေ့လာနိုင်စေရန် မြန်မာ-ဂျပန် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နှင့်ဇီဝထိန်းချုပ်မှုနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကို Mitsui Company မှ ဦးဆောင်၍ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဆောင်ရွက်ခဲ့ရာ ယနေ့ကျင်းပသော ဆွေးနွေးပွဲသည် (၇)ကြိမ်မြောက် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။