စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၏ တတိယမဏ္ဍိုင်ဖြစ်သည့် စျေးကွက် အချိတ်အဆက်များ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်စေရန် ၊ စျေးကွက်ချိတ်ဆက်မှုများနှင့် ယှဉ်ပြိုင်နိုင် စွမ်းအား ကောင်းလာသည်နှင့်အမျှ လယ်ယာထွက်ကုန်တန်ဖိုး ကွင်းဆက် တိုးတက်စေရေး ဆောင်ရွက်ခြင်းဖြင့် ဒုတိယမဏ္ဍိုင်ဖြစ်သည့် ကုန်ထုတ်စွမ်းအားပါ တိုးတက်လာပြီး တောင်သူ များ ၏ ဝင်ငွေပါတိုးတက်ခံစားနိုင်ကြစေရန် ရည်ရွယ်၍ လယ်ယာထွက်ကုန် စျေးနှုန်းများ နှင့် စျေးကွက်သတင်းများကို တောင်သူလယ်သမားများ၊ ပွဲစား၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များသာမက စိုက်ပျိုးစီးပွားရေးလုပ်ငန်းမှာ
ပါဝင်ပတ်သက် နေသော သွင်းအားစုဖြန့်ဖြူးသူများ၊ ဝန်ဆောင်မှုပေးသူများအားလုံးသို့ အချိန်နှင့်တပြေးညီ စျေးကွက်နှင့် သက်ဆိုင်သောသတင်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်း ဦးစီးဌာန အောက်ရှိ စျေးကွက်သတင်းဌာနစိတ် က ဖြန့်ဖြူးပေးလျက်ရှိသည်။
အဆိုပါ စျေးကွက်သတင်းဌာနစိတ် ၏ လယ်ယာထွက်ကုန်စျေးကွက်သတင်း အချက် အလက်ဆိုင်ရာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေးလင်း တို့က အဖွင့်အမှာစကားပြောကြားကြသည်။
အခမ်းအနားသို့ စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ် များ နှင့် ညွှန်ကြားရေးမှူးများ ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ KOICA ၊ စိုက်ပျိုးရေးစျေးကွက်သတင်း သတင်းဆိုင်ရာအဖွဲ့အစည်းများ ၊ မြန်မာ့သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လယ်ယာထွက်ကုန်စျေးနှုန်းနှင့် သတင်းအချက်အလက်များ ထုတ်ပြန်သည့် လုပ်ငန်း စီမံကိန်း ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ပူးပေါင်း၍ ၁၉၉၉ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး စျေးကွက် ၁၆ ခု မှ လယ်ယာထွက်ကုန်စျေးနှုန်းနှင့် သတင်းအချက်အလက်များကောက်ယူ၍ သတင်းလွှာ များ ထုတ်ဝေခဲ့ရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပြီဖြစ်ပြီး၊ ပြည်တွင်း ပြည်ပ စျေးနှုန်းသတင်း အချက်အလက်များ စုစည်း ၍ လယ်ယာစီးပွားသတင်းဂျာနယ် နှင့် ရွှေတောင်သူစျေးကွက် သတင်း တို့မှ ထုတ်ပြန်ပေးလျက်ရှိသည်။
လက်ရှိဆောင်ရွက်နေတဲ့ လယ်ယာထွက်ကုန်စျေးကွက်သတင်း အချက် အလက်ဆိုင်ရာ လုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ရောင်သူစျေးကွက် ဝယ်သူစျေးကွက် သတင်းအချက်အလက် ပိုမိုပြည့်စုံစေရန် ၊ စျေးနှုန်း စျေးကွက်အလားအလာ ၊ ရောင်းလိုအား နှင့် စျေးကွက်ဝေစု တို့ကို အချိန်မီထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း သွားမှာဖြစ်ကြောင်း စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေးလင်း က ပြောကြားသည်။
လယ်ယာထွက်ကုန်စျေးကွက်သတင်း အချက် အလက် ဆိုင်ရာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲ ကို ဇွန်လ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မန္တလေး၊ရန်ကုန်၊ဧရာဝတီတိုင်းဒေသကြီးများ နှင့် မွန်ပြည်နယ် ရှမ်းပြည်နယ်တို့မှ လယ်ယာ ထွက်ကုန်စျေးကွက်သတင်း အချက်အလက်ကောက်ယူမည့်ဝန်ထမ်းများ၊ စျေးကွက်သတင်း ဌာနစိတ်မှ ဝန်ထမ်းများ အား စျေးကွက်သတင်းအချက်အလက်ဖွံ့ဖြိုးရေး ၊ သတင်းအချက် အလက် စုဆောင်း ရေးသားနည်း ၊ စိုက်ပျိုးရေးဆိုင်ရာမိုးလေဝသ စသည့် သိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။