စိုက်-မွေးသုတ နှစ်ရှည်သီးနှံ

သရက်ပင်အကြောင်းသိကောင်းစရာ (၁)

           

သရက်ပင်၏ မူရင်းဒေသနှင့် ကမ္ဘာပေါ်တွင် စိုက်ပျိုးထုတ်လုပ်နေမှု

          သရက်သီးသည် အပူပိုင်းဒေသသစ်သီးများထဲတွင် ပမာဏအားဖြင့် ငှက်ပျောသီးပြီးလျှင် ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် သစ်သီးပင်ဖြစ်ပြီး၊ “သစ်သီးများ၏ဘုရင်” ဟုတင်စား ခေါ်ဆိုကြပါသည်။ ကမ္ဘာ့သစ်သီးစျေးကွက်တွင် ငှက်ပျော၊ လိမ္မော်၊ ပန်းသီးနှင့် စပျစ်များ၏နောက် ပဉ္စမမြောက် အများဆုံးရောင်းဝယ်စားသုံးသည့် သစ်သီးဖြစ်ပါသည်။ သရက်ပင်၏ ပထမမူရင်း ဒေသမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းအဖြစ် သတ်မှတ် ထားကြပြီးရှေးနှစ်ပေါင်း ၄,၀၀၀ခန့်မှပင် စတင်စိုက်ပျိုးလာခဲ့ကြသည်ဟု ဆိုပါသည်။ ဒုတိယ သရက်ပျံ့နှံ့ရာဒေသ (ဆင့်ကဲဖြစ်စဉ်)မှာ အင်ဒိုချိုင်းနားဒေသ (တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ)နှင့် တတိယပျံ့နှံ့ရာဒေသ (ဆင့်ကဲဖြစ်စဉ်) အဖြစ် ဖလော်ရီဒါပြည်နယ် (အမေရိကန် ပြည်ထောင်စု)ဟု ပြောဆိုနေကြပါသည်။ ကမ္ဘာပေါ်တွင်သရက်စိုက်ပျိုးထုတ်လုပ်သည်‌့ ဒေသ ကြီးခြောက်နေရာ သတ်မှတ်ထားရာ ၎င်းတို့မှာ (၁) ဖလော်ရီဒါပြည်နယ် (အမေရိကန် ပြည်ထောင်စု)၊ မက္ကစီကိုနိုင်ငံနှင့် အလယ်ပိုင်းအမေရိကနိုင်ငံများ။ (၂) ကာရစ်ဘီယမ်ကျွန်းနိုင်ငံ များ (အနောက်အင်ဒီး)(၃) တောင်အမေရိကနိုင်ငံများ။ (၄) အာဖရိကတိုက်နှင့် အာရေဗျကျွန်း ဆွယ်။(၅) အိန္ဒိယတိုက်ငယ်နှင့် (၆)အင်ဒိုချိုင်းနား(တရုတ်နိုင်ငံမှ အင်ဒိုနီးရှားထိ) နှင့် ပစိဖိတ် ကျွန်းစုနိုင်ငံများတို့ ဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုး ၁၅၀ကျော် စိုက်ပျိုးနေကြောင်း နှင့်၊ ထုတ်လုပ်မှုအများဆုံးနိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊မက္ကစီကိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ ဖြစ်ကြပြီး၊ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့သရက်သီးထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်း တန်ချိန် ၁၆သန်း စိုက်ပျိုး ထုတ်လုပ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ သရက်စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ

          မြန်မာနိုင်ငံတွင် သရက်ပင်ကို အလွန်အေးသည့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှအပ နိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးနိုင်သဖြင့် နိုင်ငံသားအားလုံး သရက်သီးများကို နှစ်ခြိုက်စွာ စားသုံး နိုင်ကြကြောင်း တွေ့ရပါသည်။ သရက်ပင်များကို အိမ်ခြံဝင်း၏ စည်းရိုးများ၊ ယာကန်သင်းများ ပေါ်တွင် မိရိုးဖလား အစဉ်အလာအဖြစ် စိုက်ပျိုးထားလေ့ရှိကြသကဲ့သို့ စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးလာကြသည်ကို လည်း တွေ့နိုင်ပါသည်။   

            သရက်ပင်များကို စိုက်ပျိုးပြုစုမှုများ သီးသန့်မပြုလုပ်ကြဘဲ သဘာဝအလျောက်သာ စိုက်ပျိုးထားကြကာ ရရှိလာသည့် အသီးများကို အခက်အခဲမရှိလွယ်ကူစွာ ဆွတ်ခူးရယူစားသုံး နေကြသဖြင့် သရက်ပင် စိုက်ပျိုးရေးအတွက် “ ဘာများသိရန်လိုသေးလဲ” “ဘာအခက်အခဲ တွေ ရှိနေလို့လဲ”  ဟု အမေးရှိလာနိုင်ပါသည်။

            မြန်မာနိုင်ငံတွင် သရက်ပင်မျိုးပေါင်း ၂၀၀ကျော်ရှိနိုင်ကြောင်း ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာနတွင် မြန်မာနိုင်ငံ အတွင်း စိုက်ပျိုးနေသည့် သရက်မျိုး ၁၉၀ ကျော်ကို မှတ်တမ်းများ ပြုစုထားကြောင်း သိရပါသည်။ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ သရက်မျိုးများကို  တတ်နိုင်သမျှ စုဆောင်းထားကြောင်းလည်း သိရပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစားဌာန၏ မှတ်တမ်းများအရ ၂၀၁၂-၁၃ ခုနှစ် မြန်မာနိုင်ငံတွင် သရက်စိုက်ဧရိယာ စုစုပေါင်း ၂၁၈,၀၁၁ ဧကရှိခဲ့ရာမှ ၂၀၁၆-၁၇ခုနှစ် တွင် သရက်စိုက်ဧရိယာစုစုပေါင်း ၂၅၄,၀၀၀ ဧက ရှိကြောင်း သိရသည်။ သရက်သီးကို ပြည်တွင်းစားသုံးမှုတွင်သာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေကြကာ၊ တစ်နှစ်ထက် တစ်နှစ် စျေးကွက်တိုးချဲ့နိုင်မှုနှင့်အတူ ဝယ်လိုအား များပြားလာမှုများကြောင့် နှစ်စဉ်ဒေသအလိုက် သရက်ပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိနေသည့်အပြင်၊ သရက်အထူးဇုန်များ ဖော်ထုတ်စိုက်ပျိုး လာလျက်ရှိနေပါသည်။

မြန်မာနိုင်ငံတွင် သရက်အများဆုံးစိုက်ပျုးထုတ်လုပ်နေသည့်ဒေသများ

            တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတွင် သရက်ကို စိုက်ပျိုးကြသည့် အနက်၊ ပဲခူး ဒေသကြီးမှာ စိုက်ဧရိယာအများဆုံး ၅၂,၈၇၁ ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဒုတိယအများဆုံး ၄၅,၂၈၁ ဧက၊ တတိယအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် ၂၉,၄၀၀ဧက၊ စတုတ္ထအဖြစ် ကရင် ပြည်နယ်တွင် ၂၄,၉၈၁ဧကနှင့် ပဉ္စမအဖြစ် ရှမ်းပြည်နယ်တွင် ၂၀,၃၇၀ ဧက စိုက်ပျိုးကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက် သရက်မျိုးများစွာ စိုက်ပျိုးကြသည့်အနက် ၂၀၁၂-၁၃ ခုနှစ်တွင် စိုက်ဧရိယာဧကအများဆုံး စိုက်ပျိုးနေသည့် သရက်မျိုးမှာ ရင်ကွဲသရက်မျိုးဖြစ်ပြီး၊ ဒုတိယအများဆုံးစိုက်ပျိုးသည့်မျိုးမှာ စိန်တလုံးသရက်မျိုးဖြစ်ကာ မချစ်စုသရက်မျိုးမှာ စိုက် ဧရိယာဧက တတိယအများဆုံးနေရာတွင် ရှိနေပြီး ထပ်မံ၍လည်း အများဆုံးတိုးချဲ့စိုက် ပျိုးနေ သည့်မျိုးြဖစ်လာခြင်းကြောင့် မကြာမီကာလတွင် စိုက်ဧရိယာပိုမိုများပြားလာမည်ဟု ခန့်မှန်းရ ပါသည်။

            ရွှေဟင်္သာသရက်မျိုးမှာ စတုတ္ထနှင့် မြကျောက်သရက်မျိုးမှာ ပဉ္စမအများဆုံး စိုက်ပျိုးပြီး၊ ထိုင်းနိုင်ငံမှ တင်သွင်းစိုက်ပျိုးလာသည့် နန့်တော်မိုင်းသရက်မျိုးမှာ ဆဌမအများဆုံး စိုက်ပျိုး နေသည့် သရက်မျိုး ြဖစ်ကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံရှိ သရက်မျိုးများ၏ ‌‌ခြေအနေနှင့် စာသုံးမှု

          လက်ရှိရောင်းချနေသည့် သရက်မျိုးအများစုမှာ အစေ့မှမျိုးပွား စိုက်ပျိုးလာကြသည့် အပင်များဖြစ်ကြကာ၊ သရက်မျိုးတစ်မျိုးတည်းမှာပင် အသီးအရည်အသွေးနှင့် အသီးလက္ခဏာ များ မတူကွဲပြားနေသည့် မျိုးကွဲများ တွေ့ရှိရပါသည်။ လိင်မဲ့နည်းများဖြင့် မျိုးပွားစိုက်ပျိုး ကြ သည့် သရက်မျိုးများအတွင်းမှာလည်း သရက်ပင်မျိုးအလိုက်၊ အရွက်ပုံသဏ္ဌန်၊ အရွက်နုအရောင်၊ အသီးပုံသဏ္ဌန်၊ အသီးအရွယ်အစား၊ အသီးခွံအရောင်၊ အမျှင်ပါဝင်မှုစသည့် လက္ခဏာများ မတူကြသည့် မျိုးကွဲများ တွေ့ရှိနေကြပါသည်။ အရက်မျိုးတစ်မျိုးတည်းမှာပင် ဤသို့ အပင်နှင့် အသီးလက္ခဏာများ မတူကွဲပြားလာရခြင်းမှာ  ဝတ်မှုန်ကူးသန္ဓေအောင်မှုမှ ရရှိလာသည့် အပင် များကိုစိုက်ပျိုးခဲ့ခြင်းကြောင့် မျိုးသစ်မျိုးကွဲများ ရရှိလာနိုင်သကဲ့သို့ ကိုင်းဆက်၊ ကိုင်းကူး မျိုးပွားစိုက်ပျိုးရာတွင် အောက်ခံအပင် အဖြစ် အသုံးပြုခဲ့သည့် မျိုးများကြောင့်လည်း ဖြစ်လာ နိုင်ပါသည်။ မျိုးတစ်မျိုးအတွင်းမှာ ပင်မျိုးကွဲများ တွေ့ရှိလာမှု၏ အကြောင်းရင်းများကို လေ့လာ ဖော်ထုတ်နိုင်ရေးအတွက် စုပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါသည်။

            သရက်သီး၏ ပြည်တွင်းစားသုံးမှုများကို လေ့လာသော် သရက်သီးကင်းအရွယ်မှ စတင်လျက် သီးမှည့်အထိ အသီး ကြီးထွားမှုအဆင့်အလိုက် စားသုံးနေကြကြောင်းတွေ့ရပြီး သရက်မျိုးအလိုက် ကြိုက်နှစ်သက်မှုနှင့် စားသုံးနည်းမတူကြပါ၊ ဥပမာ- သရက်ကင်းအရွယ်ကို အတို့အမြှုပ်အဖြစ် အများဆုံး အသုံးပြုကြရာတွင် စိုင်သရက်သီးမျိုးမှာ လူကြိုက်အများဆုံးမျိုး အဖြစ် တွေ့ရပါသည်။အစေ့မရင့်သေးသည့် သရက်သီးစိမ်းများနှင့် အစေ့ရင့်ပြီးစ (ခေါင်ခံစ) သရက်သီးများကို သရက်ချဥ်တည်ခြင်း၊ သရက်သီးဓါးပေါက်၊ သရက်သီးသနပ်စသည် အမျိုးမျိုး ပြုလုပ်စားသုံးကြသကဲ့သို့ မချစ်စုသရက်သီးမျိုးကဲ့သို့ သရက်သီးရွမ်းပြင်း (မမှည့်သေးမီ အဆင့်) ကို ဆား၊ ငရုတ်သီးမှုန့် စသည့်တို့ဖြင့် တို့၍ သွားရည်စာကဲ့သို့ စားသုံးမှု များလည်း ရှိကြပါသည်။ သရက်သီးမှည့်များကို စားသုံးမှုမှာ အများဆုံးဖြစ်ပြီး၊ အသီးရင့်မှည့်မှု အဆင့်အမျိုးမျိုးတွင် ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး စားသုံးကြပါသည်။ အမှည့်လွန် သရက်သီးများကိုလည်း  သရက်ယို၊ သရက်ပြင်၊ သရက်ဖျော်ရည်နှင့် သရက်ဝိုင်များအဖြစ် ထုတ်လုပ်အသုံးပြုကြပါသည်။

သရက်သီးပြည်တွင်း၊ပြည်ပစျေးကွက်အခြေအနေနှင့် အခက်အခဲများ

          သရက်သီးကို ပြည်တွင်းစားသုံးမှုသာမက၊ ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနေပြီ ဖြစ်ပါသည်။ ယခင်ကဲ့သို့ မိသားစုစားသောက်ရန်အတွက် ရည်ရွယ် စိုက်ပျိုးကြသည်မှ ပိုလျှံသည့် အသီးများကို စျေးကွက်သို့ တင်ပို့ရောင်းချလာကြသကဲ့သို့ သီးသန့်ခြံကြီးများတည်ထောင်၍ စီးပွားဖြစ် စိုက်ပျိုးလာနေကြပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း စိန်တလုံးသရက်မျိုး အပါအဝင် လူကြိုက်များသည့် ပြည်တွင်းနှင့်ပြည်ပမှ သရက်မျိုးများကို ကျယ်ပြန့်စွာ တိုးချဲ့စိုက် ပျိုးလာခဲ့ကြသဖြင့် သရက်စိုက်သည့် ဧရိယာဧကများ တိုးတက်လာနေပြီး၊ သရက်သီး ထွက်လည်း တိုးတက်ထွက်ရှိလာနေပြီဖြစ်ပါသည်။ သရက်ပင် တိုးချဲ့ စိုက်ပျိုးသည့် ရည်ရွယ်ချက်မှာ “အရည်အသွေးကောင်းသည့် သရက်သီးများ နှစ်စဥ် ပုံမှန်ထုတ်လုပ်ပေးနိုင်ရန်” ဖြစ်ပါသည်။

            ယခု ၂၀၁၃-၁၄ ခုနှစ် သရက်ပွင့်၊သီးမှုရာသီတွင် ဒေသအချို့၌ သရက်ပင်များ ပန်းပွင့် မှုများသော်လည်း အသီးကောင်းစွာမတင်ခြင်း၊ အသီးသီးလာသော်လည်း အသီးကင်များ ကြွေကျ ခြင်း၊ ရောဂါနှင့်ပိုးများကျခြင်း၊ တချုိ့ဒေသ ပန်းပွင့်မှုနည်း ခြင်းနှင့် ဇီဝကမ္မဆိုင်ရာ ဖောက်ပြန်မှု များစသည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ကြရပါသည်။

သရက်ပင်အကြောင်း လေ့လာရန်လိုအပ်မှု

          သရက်ပင်းများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာသည့် ရည်ရွယ်ချက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် သရက်ပင်၏ ကြီးထွားဖွံ့ဖြိုးမှု သဘာဝအပေါ် အခြေခံပြီး၊ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက်၊ အပင် စိုက်ပျိုးပြုစုမှုဆိုင်ရာ အချက်များဖြစ်သည့်  အပင်မျိုးပွားနည်းများ၊ နိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည့် ပြည်တွင်း၊ပြည်ပ သရက်မျိုးများ၏ ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းနေမှုများကို လေ့လာသုံးသပ်မှုများ၊ ဒေသနှင့် သင့်တော်ကိုက်ညီ မည့် သရက်မျိုး ရွေးချယ်နည်းများ၊ ခေတ်မှစိုက်ပျိုးနည်းစနစ်များ၊ သရက်ပွင့်သီးမှု ဆိုင်ရာ အခြေခံ လိုအပ်ချက်များ၊ အရည်အသွေးကောင်းမွန်သည့် သရက်သီးများ ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များ၊ ဖျက်ပိုးနှင့် အပင်ရောဂါများကို ကာကွယ်နှိမ်နင်းနည်းများ၊ ပန်းမပွင့်မီမှ ပန်းပွင့်၊ ပန်းခိုင်ထွက် အသီးသီးကာ အသီးရင့်မှည့်သည့်အထိ ရိတ်သိမ်းချိန် အကြိုဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အသီးဆွတ်ခူးခြင်း၊ ရွေးချယ်ခြင်း၊ ထုပ်ပိုးခြင်း၊ ထားသိုခြင်းစသည့် ရိတ်သိမ်းချိန်လွန် ကာလနည်းပညာများ၊ သရက်သီးအခြေခံတန်ဖိုး မြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းစသည်တို့ကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်သွားကြမှသာ အရည်အသွေးကောင်းမွန်သည့် သရက်သီးများ၊ ထုတ်လုပ်လာနိုင်ပြီး၊ စျေးကွက်စီးပွားရေးစနစ်နှင့်အညီ အခြားအိမ်နီးချင်းနိုင်ငံများနှင့် ကောင်းစွာ ယှဥ်ပြိိုင်ရောင်းချလာနိုင်မည် ဖြစ်ပါသည်။

            သို့ပါ၍ တစ်နိုင်တစ်ပိုင်အိမ်ခြံဝင်းစိုက်ပျိုးသည့် သရက်ပင်များ၊ ခြံငယ်များဖြင့် စိုက်ပျိုး သည့် သရက်စိုက်ပျိုးသူများနှင့် စီးပွားဖြစ်စိုက်ပျိုးသည့် သရက်ခြံကြီးများအားလုံးသည် စနစ်တကျ သရက်ပင်စိုက်ပျိုးပြုစုနည်းများကို လေ့လာပြီး၊ လုပ်ငန်းအဆင့်တိုင်း လိုအပ်ချက် များကို လိုက်နာဆောင်ရွက်သွားရန် အထူးလိုအပ်နေပြီဖြစ်ပါသည်။ သရက်စိုက်ပျိုး ပြုစုနည်းများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် သရက်မျိုးများနှင့် ပတ်သတ်၍ အခြေခံအချက်များကို သိရှိနိုင်ရန်အတွက် လယ်ယာစိုက်ပျိိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း(ယခု စိုက်ပျိုးရေးဦးစီးဌာန)မှ ၂၀၀၅ ခုနှစ်၊ မေလတွင် ထုတ်ဝေခဲ့သည့် “သရက်စိုက်ပျိုးနည်း” စာအုပ်နှင့် ၂၀၁၀ခုနှစ်၊မေလတွင် ထုတ်ဝေခဲ့သည့် “ မြန်မာနိုင်ငံအတွင်း ရှိ သရက်မျိုးများ၏ အရည်အသွေးလက္ခဏများ” စာအုပ်များကို ဖတ်ရှုလေ့လာသင့်ပါကြောင်း အကြုံပြုအပ်ပါသည်။(ဆက်လက်ဖော်််််ပြပါမည်။)

သရက်အကြောင်းသိကောင်းစရာ (ဒေါက်တာစိန်လှဗိုလ်)