သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ့ စိန်တလုံးသရက်သီးများ နိုင်ငံခြားစျေးကွက်သို့တင်ပို့ရန် အရည်အသွေးစစ်ဆေး ထုပ်ပိုး ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးသာမက ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တန်ဘိုးမြင့် ထွက်ကုန်များအဖြစ် ပြည်တွင်း ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အဆင့်မြင့် စိုက်ပျိုးနည်းပညာများ အသုံးပြုစိုက်ပျိုးနိုင်ရေး အပါအဝင် ဆွတ်ခူးရိတ်သိမ်းပြီး နောက်ပိုင်း လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်ရေး တို့အတွက် တောင်သူများ၊ လုပ်ငန်းရှင်များ နှင့် အနည်းကပ်ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်-အပင်ဇီဝဌာနခွဲ ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် မြတ်ရတနာစက်မှုကုမ္ပဏီ (Myat Yadanar Industries Ltd ) နှင့် ဂျပန်နိုင်ငံ စူမီတိုမိုကုမ္ပဏီ တို့ပူးပေါင်း၍ ဂျာမနီနိုင်ငံသို့ မြန်မာ့ စိန်တလုံးသရက်သီးများ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိရာ အရည်အသွေးစစ်ဆေးခြင်း၊ (Hot water Treatment) ရေနွေးစိမ်ခြင်း၊ (Drying Machine)အခြောက်ခံခြင်း၊ ပြန်လည် စစ်ဆေးခြင်း နှင့် ပြင်ဆင် ထုပ်ပိုးမှုများ ကို ဇွန်လ ၂၀ ရက် နေ့လယ်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ ရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာန ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာ့ စိန်တလုံးသရက်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ် မြတ်ရတနာခြံ မှ GAP စံချိန်စံညွှန်းနှင့်အညီ  စိုက်ပျိုးထုတ်လုပ်ထားပြီး ယမန်နှစ်က ဂျာမနီနိုင်ငံ သို့ ကီလို ၁၄၀ ပို့ခဲ့ပြီး ယခုနှစ်တွင်လည်း ဂျာမနီနိုင်ငံ သို့ ကီလို ၆၀ နှစ်ကြိမ်ခွဲ၍ တင်ပို့သွားမည်ဖြစ်ကြောင်း မြတ်ရတနာစက်မှုကုမ္ပဏီ မှ တာဝန်ရှိသူက ပြောသည်။

         မြတ်ရတနာခြံသည် GAPလက်မှတ်ကို ၂၀၁၆ ခုနှစ် မှ စတင်ရရှိထားပြီး စိုက်ပျိုးထွက်ရှိလာသည့် စိန်တလုံးသရက်သီးများကို ပြည်ပစျေးကွက် သာမက ပြည်တွင်းရှိ စီးတီးမတ်များတွင်လည်း GAP သီးနှံအဖြစ် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။