စိုက်-မွေးသုတ ဆောင်းပါး လယ်ယာကဏ္ဍ သီးနှံပိုးမွှားရောဂါ

ကြိုတင်သတိပြုဖွယ် ကန္တာရနှံကောင်အန္တရာယ်

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့ စိုက်ပျိုး ထုတ်လုပ်ရေးကို ခြိမ်းခြောက်လာသည့် အင်းဆက် တစ်မျိုးရှိပါသည်။ ထိုအင်းဆက်မှာ မြန်မာလူမျိုးအများစုက ကျိုင်းကောင်ဟု ခေါ်လေ့ရှိ သော အင်္ဂလိပ်လို (Locust) ဟု ခေါ်သည့် အင်းဆက် ဖြစ်ပါသည်။ အမှန်တွင် ထို အင်းဆက်သည် ကျွန်ုပ်တို့ တွေ့နေကျ နှံကောင် (Grasshopper) အမျိုးအစားဖြစ်ပြီး မျိုးရင်း (Orthoptera) ဖြစ်ကာ မျိုးရင်း (Coleoptera) တွင် ပါဝင်သော ကျိုင်းကောင် (Beetle) အမျိုးအစား မဟုတ်ပါ။ ဤနှံကောင်များသည် ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့် ကောင်းမွန်စွာ လိုက်လျော ညီထွေ နေထိုင်နိုင်ပြီး ၄င်းတို့သားပေါက်သောနေရာတွေဆီသို့ ကီလိုမီတာ ရာပေါင်းများစွာမှ ထောင်ပေါင်း များစွာအထိ ပျံသန်းနိုင်ကြပါသည်။

၁။ နှံကောင်မျိုးစိတ်များ

ကမ္ဘာပေါ်တွင် စိုက်ပျိုးသီးနှံများကို စီးပွားရေးအရ ဆုံးရှုံးစေသော နှံကောင် (၁၆) မျိုး ရှိပြီး အာရှတိုက် တွင် ကျူးကျော်နှံကောင် (Migratory Locust)၊  အရှေ့တောင်အာရှတွင် ဘုံဘေနှံကောင် (Bombay Locust)၊ အင်ဒိုင်ချိုင်းနားကျွန်းဆွယ်နှင့် လာအိုနိုင်ငံများတွင် ကျောရိုးဝါ ဝါးနှံကောင် (Yellow-spined Bamboo Locust) နှင့် ဗဟိုအာရှတွင် အီတလီ နှံကောင် (Italian Locust) နှင့် သစ်ပင် နှံကောင် (Tree Locust) ကျရောက် ဖျက်ဆီး လေ့ရှိပါသည်။

၂။ စတင်ပျံ့နှံ့ပုံ

ဤနှံကောင်သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင် ပင်လယ်နီတစ်လျှောက်၊ ယီမင်နိုင်ငံ နှင့် အိုမန်နိုင်ငံတို့တွင် အစပြု ကျူးကျော် ဝင်ရောက်လာကြပါသည်။ ၂၀၁၈ ခုနှစ် ‘လူဘန်’ ဆိုင်ကလုံး မုန်တိုင်းတိုက်ပြီး မိုးကျသောအခါ သီးနှံပင်များ ပေါက်လာခြင်းသည် ၄င်းတို့အတွက် စားစရာအစာ နှင့် မျိုးပွားစရာ ရရှိလာကာ တွေ့သမျှ သီးနှံများကို အငမ်းမရ စားသောက် ကြပါ တော့သည်။

၃။ ဖျက်ဆီးပုံအလေ့အထ

ဥရောပတိုက်၊ အာရှတိုက်တို့၏ အလွန်အေးသောဒေသများကလွဲ၍ အပူလျော့ပိုင်း ဒေသများတွင် ဤနှံကောင်များ၏ ဖျက်ဆီးမှုဒဏ်ကို ရှေးပဝေသဏီကတည်းကပင် အကြိမ် များစွာ ခံခဲ့ရဖူး ပါသည်။  ဤနှံကောင်များသည် အပင်နု၏ အရွက်များကို စားလေ့ရှိ ပါသည်။  စားသောက် သွားလာပုံ ဖျတ်လတ်သည့်အပြင် အုပ်စုလိုက် ဖျက်ဆီးတတ်သောကြောင့် သီးနှံပင်များနှင့် စိမ်းလမ်း စိုပြည်နေသော လယ်ယာစိုက်ခင်းကြီးများသည် တစ်ခဏတာအတွင်း တစ်ကွင်းလုံး ပြောင်တလင်းခါ ဖြစ်သွားပါသည်။ဤနှံကောင်များကြောင့် ကမ္ဘာအရပ်ရပ် တွင်  သီးနှံပင်များ ပျက်စီးခဲ့ရပါသည်။

နှံကောင်အမတို့သည် ဥများကို မြေလွှာအတွင်းမှာ ဥ (၂ဝ) မှ (၁ဝဝ) အထိ အစုလိုက် အုလေ့ ရှိကြပါသည်။ နွေးသောဒေသများတွင် (၁ဝ) ရက်မှ ရက် (၂ဝ) အတွင်း ဥမှ အကောင်ပေါက် လာပြီး အေးသော ဒေသများတွင် ဆောင်းတွင်းတစ်တွင်းလုံး အကောင် မပေါက်ဘဲ နေတတ် ပါသည်။ ဆောင်းကုန်သောအခါ ထိုဥများထဲမှ ပိုးကောင် ကလေးများ ပေါက်လာ ကြပါသည်။

အတောင်မစုံသေးသော ထိုပိုးကောင် ကလေးများ သည် တွား၍ ဖြစ်စေ၊ ခုန်၍ဖြစ်စေ သွားလာ စားသောက်ရင်း အရေခွံလဲကာ လျင်မြန်စွာ ကြီးပြင်း လာကြပါသည်။ အရေခွံ  (၅) ကြိမ် − (၆)  ကြိမ်လောက် လဲပြီး သီတင်းပတ် (၅) ပတ် − (၆) ပတ်ခန့် ကြာသောအခါ  အရွယ်ရောက် နှံကောင်ကြီး များ ဖြစ်လာကြပါတယ်။ သီးနှံပင်များကို အင်္ဂါစုံ နှံကောင်များ က သာမက ၄င်းတို့က ပေါက်ပွားလာကြသော အတောင်မပေါက်သေး သော ပိုးလောင်းကလေးများကလည်း ကိုက်ဖြတ် စားသောက်ကြသည်။

၄။ ကာကွယ်နှိမ်နင်းနည်း

ဤနှံကောင်များကို ကျရောက်လာမှ ကာကွယ်နှိမ်နင်းခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ မပေါက်ပွားမီအချိန်နှင့် ကြီးပြင်းဆဲ အချိန်များ တွင် ကြိုတင်သုတ်သင်ပစ်ခြင်းဖြင့် သာလျှင် ၄င်းတို့၏ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။ ယခင်က အချို့အရပ်ဒေသများ တွင် နှံကောင်များ လာမည့် လမ်းတွင် ကျင်းနက်နက် တူးထား ပြီးနောက် ကျင်းထဲကျလာ သော နှံကောင်များကို မြေဖို့ပစ်နည်း သို့မဟုတ် မီးရှို့ပစ် နည်းတို့ဖြင့် နှိမ်နင်းဖူးပါသည်။

သို့ရာတွင် အဆိုပါနည်းသည် တရွေ့ရွေ့တွားပြီး ခုန်ပြီး လာကြ သော ပိုးလောင်းကလေးများ ကိုသာ နှိမ်နင်းနိုင်၍ ပျံသန်းနိုင်သော နှံကောင်ကြီးများကိုကား မနှိမ်နင်းနိုင်ချေ။ ယခုခေတ်တွင်မူ နှံကောင်များ ဥချပြီးချိန်တွင် မြေကို ကောင်းကောင်း ထွန်ပေးခြင်းဖြင့် ထိုဥများကို ဖျက်ဆီး ပစ်ကြပါသည်။ နှံကောင် ကလေးများ ပေါက်ပွားချိန်တွင် ဒလိမ့်လှိမ့်၍လည်း ဖျက်ဆီးပစ် ကြပါသည်။

အချို့နိုင်ငံများတွင် ဤနှံကောင်များမလာနိုင်ရန် ကာကွယ် လိုသောအပင်များ၏ အရွက် မျက်နှာပြင် နှစ်ဖက်စလုံးပေါ်ကို ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်ဖြင့် ပက်ဖျန်းခြင်း၊ ဂျုံမှုန့်များကို အပင်များ၏ အရွက် ပေါ်ကို ပါးပါးလေးပက်ခြင်း၊ ဤနှံကောင်များကို စားသော ပျံလွှားငှက် များ နားနေနိုင်ရန် စိုက်ခင်းအနီး ငှက်နားကိုင်းပြုလုပ်ပေးခြင်း၊ ဤနှံကောင်များ၏ သဘာဝရန်သူ ရှိခိုးကောင်များကို ပွားများအောင် ပြုလုပ်ခြင်း၊ ဤနှံကောင်များကို ကောက်ယူ စားသောက် စေရန် ကြက်/ဘဲ လွှတ်ကျောင်းခြင်း၊ထောင်ချောက်သီးနှံအဖြစ် စိုက်ခင်းအနီး မြက်ရှည်ပင် များ စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ကြပါသည်။ ဇီဝပိုးသတ်ဆေး မက်တာရိုက် ဇီယမ် အနီဆိုဖီလေး (Metarhizium anisophilae)ဖြင့်လည်း ဤ နှံကောင် ကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။

 

ကန္တာရနှံကောင်များကို အစတုံး မျိုးပြုတ်အောင် ဖျက်ဆီးပစ်ရန်မှာ ယနေ့အထိ မဖြစ်နိုင်သေးပါ။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် အတွေ့အကြုံရှိပြီး နိုင်ငံများ၏ ကာကွယ်နှိမ်နင်းရေး ဥပမာများ အား နမူနာ ယူရပါမည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း၏ နှံကောင်လုပ်ငန်း က ကူညီပံ့ပိုးထားသော ကန္တာရနှံကောင်တည်ရှိရာပြမြေပုံ (Mapping) တွင် ဤနှံကောင်များသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့် ဇွန်လအတွင်းတွင် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် သားပေါက်ဖို့ရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ နှင့် ပတ်ဝန်းကျင် ပါကစ္စတန် နိုင်ငံများဆီမှ မိမိနိုင်ငံဆီသို့ရောက်မလာမီ ကြိုတင် သတိထား ပြင်ဆင် ထားဖို့ လိုပါသည်။ ယခင်ကလည်း ကျူးကျော်ဝင်ရောက် လာသော ရွှေခရုနှင့် “ဖော” ငမြောင်တောင် ဖြစ်ရပ်များ လည်း အတွေ့အကြုံ ရှိခဲ့ဖူး သောကြောင့် သတိထားပါက မှားမည်မထင်ပါ။

ထို့အပြင် မိမိတို့နိုင်ငံသည် စပါးအပါအဝင် သီးနှံမျိုးစုံစိုက်ပျိုးသော စိုက်ပျိုးရေး နိုင်ငံ ဖြစ်ပြီး ပါကစ္စတန်၊ အိန္ဒိယနိုင်ငံများနှင့် နီးကပ်စွာ တည်ရှိ နေသည့်အပြင် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ နေတတ်ပြီး ကီလိုမီတာပေါင်းများစွာကို အုပ်စုလိုက်ပျံသန်းနိုင်ကာ သီးနှံ မျိုးစုံကို တစ်ခဏ အတွင်း ပြောင်တလင်းခါအောင် ဖျက်ဆီးတတ်သော ဤကန္တာရ နှံကောင် အန္တရာယ် အတွက် နိုးကြားခြင်း အသိစိတ်ဓါတ်ဖြင့် ကြိုတင်ပြင်ဆင်ထားဖို့  လိုအပ်နေပြီ ဖြစ်ပါကြောင်း စိုက်ပျိုးရေးနှင့် ပါဝင်ပတ်သက်သူအားလုံးအား ကြိုတင် အသိပေးတင်ပြလိုက်ရပါသည်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ကိုးကားချက်များ

၁။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

၂။Emergency Prevention System Empress, Desert Locust Component, Strengthening Desert Locust Management, Locusts and other Migratory Pests Group, Rome, FAO.

၃။http://theconversation.com/locust-invasions-are-cyclical-african-states-shouldnt-be-caught-napping-130883

၄။https://www.organiclesson.com/get-rid-of-grasshoppers/

၅။https://www.indiaagronet.com/indiaagronet/pest_management/CONTENTS/Locust.htm

၆။ https://en.wikipedia.org/wiki/List_of_locust_species

၇။ https://www.chinadailyhk.com/article/123855

Comments are closed.