ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာန လုပ်ငန်းညှိနှိုင်း

နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များထမ်းဆောင်မှုတွင်  ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအပေါ် ကြေညက်စွာ သိရှိနားလည်ခြင်း နှင့် တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုမှုမှာ အရေးကြီးကြောင်း၊

လုပ်ငန်းကျွမ်းကျင်မှု၊ စေတနာထားရှိမှု၊ ဆက်ဆံရေးပြေပြစ်မှု တို့ဖြင့် မိမိ၏ လုပ်ငန်း စွမ်းဆောင်ရည်ကို မြှင့်တင်လုပ်ကိုင်ကြစေလိုကြောင်းဖြင့်  အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဉီးလှကျော် က ပြောသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဉီးကျော်မင်းဉီး၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသက်နိုင်ဉီး ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဉီးသက်နိုင်ဉီး က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ အား ရှင်းလင်းတင်ပြသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာန တိုင်းဒေသကြီး ပြည်နယ်ဉီးစီးမှူးများ က ဒေသအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ကြုံတွေ့ရသော အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များ အား တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားရာ၌ ဒေသအသီးသီး၏ လယ်ယာမြေဆိုင်ရာ စာရင်းဇယားများကို တာဝန် ယူ ဆောင်ရွက်နေကြသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီး ဌာန တာဝန်ရှိသူများအနေဖြင့် ဖြောင့်မတ်မှန်ကန်မှုရှိရန် လိုအပ်သည့်နည်းတူ အဂတိကင်းရှင်းစွာဖြင့် သတ်မှတ် ဥပဒေ နည်းဥပဒေနှင့်  ညွှန်ကြားချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်၏ ဆောင်ရွက်ရမှု လုပ်ထုံးလုပ်နည်းများကို မိမိတို့နှင့်ထိတွေ့ ဆက်ဆံရသည့် သက်ဆိုင်ရာ  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်၊ တောင်သူများ သိရှိ နားလည်စေရေးအတွက် ဆွေးနွေး အသိပညာ ပေးခြင်းကိုပါ ဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းများ သွက်လက် မြန်ဆန်စွာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း လိုအပ်ချက်အရ နှောင့်နှေး ကြန့်ကြာမှု ဖြစ်ပေါ်ပါ ကလည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပွင့်လင်းမြင်သာစွာ တုံ့ပြန် ဖြေရှင်းထား ခြင်းဖြင့် မိမိတို့ တစ်ဦးချင်းနှင့် မိမိဌာန  ပုံရိပ်ကိုထိန်းသိမ်းမြှင့်တင်ပေး နိုင်လိမ့်မည် ဖြစ်ကြောင်း၊ လက်ရှိဖြစ်တည်လာနေသည့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ဖြစ်ပေါ်လာနိုင် သည့် မြေနုကျွန်း အသစ်များအပေါ် စီမံခန့်ခွဲသွားနိုင်ရန် အတွက် ကြိုတင်စီမံမှုများ မျှော်မှန်းဆောင်ရွက်ထားကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။