သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာမြေဥပဒေ ပြင်ဆင်မှုလုပ်ငန်းများ ဆိုင်ရာ စုပေါင်း ဆွေးနေွး ဖော်ထုတ်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လက်ရှိ မြေယာနှင့်ပတ်သက်သည့် တည်ဆဲဥပဒေ ၂၅ ခုထက်မနည်း ပြဌာန်းဆောင်ရွက်လျက် ရှိသော်လည်း ယနေ့ဖြစ်ပေါ်နေသော မြေယာကျူးကျော်မှု ပြဿနာနှင့် လယ်ယာမြေတွင် ခွင့်ပြုချက်မရရှိမီ အခြား နည်းသုံးစွဲကြသော ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ တားဆီးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ရန် အမျိုးမျိုးသော ကန့်သတ်မှုများရှိနေခြင်း၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ထုတ်ပြန်သော ညွှန်ကြားချက်၊ အမိန့်များအား လိုက်နာခြင်းမရှိသူ အား ချက်ခြင်း အရေးယူနိုင်ရန်အတွက်တွင်လည်း အားနည်းချက်များရှိနေခြင်း စသည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေး နိုင်ကြရန် ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက လယ်ယာမြေဥပဒေပြင်ဆင်မှု လုပ်ငန်းများ ဆိုင်ရာ စုပေါင်းဖော်ထုတ်သည့်အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်  ဟိုတယ်မက်စ် ၌ ကျင်းပ ပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲ သို့ လွှတ်တော်ရေးရာကော်မတီများမှတာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသက်နိုင်ဦး နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာများ ပြည်တွင်း ပြည်ပ မိတ်ဘက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး  ဇွန်လ ၅ ရက်နေ့ နှင့် ၆ ရက်နေ့ထိ ဆွေးနွေးကြမည် ဖြစ်သည်။

တည်ဆဲလယ်ယာမြေဥပဒေ အခန်း(၃)ပါ “လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ” အပြည့်အဝခံစားစေနိုင်ရေးကို ရည်ရွယ်ပြီး လယ်ယာမြေကို ရောင်းဝယ်လိုကြသော ၊ ပေါင်နှံလို ကြသော ၊ ငှမ်းရမ်းလိုကြသော ပုဂ္ဂိုလ်အားလုံး တည်ဆဲဥပဒေနှင့်အညီ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်ခွင့်ကို ယခုဇွန်လ (၁)ရက်နေ့စပြီီး ဆောင်ရွက်ပေးနေပြီဖြစ်သည်။

ယခုကဲ့သို့ လယ်ယာမြေများ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လုပ်ငန်းစဥ်ကို ပထမဆုံးအကြိမ် လက်တွေ့စတင်ဆောင်ရွက်ကြရမည်ဖြစ်ရာ အားနည်း ချက်များ မပြည့်စုံမှုများရှိနိုင်သော်လည်း အဆိုပါ လိုအပ်ချက်၊ လစ်ဟာချက်များကို သက်ဆိုင်သူအားလုံးတို့က အပြုသဘောနဲ့ ဝိုင်းဝန်းထိန်းကြောင်းပံ့ပိုးကြမှသာ ရေရှည်တွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြင်ဆင်သည့် ဥပဒေပေါ်ထွက်လာပါက လက်ရှိအခြေအနေထက် ပြည့်ပြည့်စုံစုံံဆောင်ရွက်ပေးနိုင်မှာဖြစ်သော်လည်း ပြင်ဆင်သည့် ဥပဒေမပေါ်ထွက်မီ အရေးကြီး လိုအပ်ချက်များ တွေ့ရှိလာပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲဲမှုအဖွဲ့သို တင်ပြခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အကြံဥာဏ် ရယူခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံမှ သိရှိရသည်။

            တောင်ယာစနစ်အနေဖြင့် တည်မြဲတောင်ယာများအား တည်ဆဲလယ်ယာမြေဥပဒေနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ- ၇) ထုတ်ပေးလျက်ရှိသော်လည်း ယနေ့ ကမ္ဘာကြီး ပူနွေး လာမှုသည် တောင်ယာခုတ်ခြင်း၊ သစ်တောပြုန်းတီးခြင်း တို့နှင့် တိုက်ရိုက်ပတ်သက်နေသည့် ရွှေ့ပြောင်း တောင်ယာ စနစ်အား အလေးအနက်ထား စဥ်းစားရန်လိုအပ်လာလျက်ရှိသည်။ ယင်းအ‌ြေခ အနေကို နိုင်ငံံတော်အနေဖြင့် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းများနှင့် အစားထိုး ဆောင်ရွက် ပေးလျက်ရှိသော်လည်း ရန်ပုံငွေလိုအပ်ချက်အပါအဝင် အခြားစိန်ခေါ်မှု အခက်အခဲများကြောင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။

ယခုကျင်းပပြုလုပ်သည့် လယ်ယာမြေဥပဒေပြင်ဆင်မှု လုပ်ငန်းများဆိုင်ရာ စုပေါင်းဖော်ထုတ် သည့် အလုပ်ရုံဆွေးနွေးပွဲ သည် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ကို အကောင်အထည်ဖော်ရာတွင် ထိရောက်မှု အောင်မြင်မှု အခက်အခဲ စသည့်အခြေအနေအရပ်ရပ်ကို အတူတကွနားလည်လာစေရန်၊ လက်ရှိ အခြေအနေနှင့် သဘောသဘာဝများကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းတရားများ ဝိုင်းဝန်းသုံးသပ်ပြီး သက်ဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း လက်တွေ့ကျသည့် ပြဌာန်းချက်များ ဖော်ထုတ်နိုင်ခြင်းဖြင့် တောင်သူလယ်သမားများ နှင့် ပြည်သူများအတွက် ပိုမိုထိရောက်မြန်ဆန်သည့် လုပ်ငန်းစဉ်များ ချမှတ်ပေးနိုင်ရန် ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစား၍ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှုများနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ကိုင် မှုများအပေါ် ဥပဒေပြဌာန်းချက်များတွင် ပါရှိနိုင်ရန် တို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။