သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန နှင့် Landesa အဖွဲ့ တို့ ပူးပေါင်းကျင်းပသော မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ(၂၂)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေယာသမိုင်းကြောင်းနှင့် အစိုးရ၏ မြေယာပြောင်းလဲ ဖော်ဆောင်မှုလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများ ကို လည်းကောင်း၊ Landesa မြန်မာနိုင်ငံ လုပ်ငန်းအစီအစဉ် လည်ပတ်ရေးဒါရိုက်တာ Mr. David Abrahansom က မြန်မာနိုင်ငံအတွင်း ပြည်နယ်/တိုင်းဒေသကြီးအချို့ရှိ မြေယာပြောင်းလဲ ဖော်ဆောင်မှု မြေပြင်အခြေအနေများနှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ အမေရိကန်အခြေစိုက် လန်ဒက်ဆာရုံးချုပ်မှ သုတေ သနနှင့်စောင့်ကြည့်အကဲဖြတ်ခြင်း ဆိုင်ရာ အကြီးတန်းအကြံပေး Dr. Gina Alvarado က ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများ နှင့် တွေ့ရှိချက်၊ အကြံပြုချက်များ ကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

အလားတူ မြေယာစီမံအုပ်ချုပ်မှုသတင်းအချက်အလက်စနစ် (Land Management Information System) ဆောင်ရွက်မှုအခြေအနေများ ၊ တိုင်းဒေသကြီး/ ပြည်နယ်များ ၌ လန်ဒက်ဆာ၏ လက်ရှိဆောင်ရွက်နေမှုများကို အခြေခံ၍ မြေယာလုပ်ပိုင်ခွင့် အာမခံချက် ရရှိရေး မျှော်မှန်းချက်များ ပြည့်မီရေးဆောင်ရွက်ချက်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျား-မရေးရာနှင့် မြေယာ အခွင့်အရေးဆိုင်ရာ သုတသနလုပ်ငန်းတွေ့ရှိချက်နှင့်အကြံပြုချက်များ၊ ကျား-မ ရေးရာနှင့် အမျိုးသမီးများ ပါဝင်ခွင့်ရှိသော မြေယာအခွင့်အရေးများဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း များ၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်ခဲ့သည့် မြေယာပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်များ၊ စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာပြဿနာများနှင့် ပူးတွဲဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်နေမှုများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ စီမံကိန်းဒေသများအတွင်း ဆောင်ရွက်နေမှုများ၊ လက်တွေ့နယ်ပယ် တွင် ကြုံတွေ့နေရသည့် မြေယာဆိုင်ရာပြဿနာ များ၊ အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ ကိုလည်းကောင်း သက်ဆိုင်ရာ ပညာရှင်များက ရှင်းလင်း ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Landesa မြန်မာနိုင်ငံလုပ်ငန်းအစီအစဉ်လည်ပတ်ရေး ဒါရိုက်တာ Mr. David Abrahansom ၊ အမေရိကန်အခြေစိုက် လန်ဒက်ဆာရုံးချုပ်မှ သုတေသနနှင့်စောင့်ကြည့် အကဲဖြတ်ခြင်းဆိုင်ရာ အကြီးတန်းအကြံပေး Dr. Gina Alvarado ၊ East West Management Institute မှ Ms. Pyrou Chung နှင့် Landesa မှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

Landesa အဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအင်စတီကျု Landesa သည် အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်း တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန နှင့် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးလျက် မြန်မာနိုင်ငံ၏ မြေယာပြုပြင် ပြောင်းလဲဖော်ဆောင်မှုများတွင် အခြားသော  မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ သုတေသနလုပ်ငန်းများ၊ မြေယာဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် အကြံပြုခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခုကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ တွင် တိုင်းဒေသကြီး ပြည်နယ်များ၌ Landesa အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုအခြေခံ၍ မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ သုတေသန တွေ့ရှိချက် များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာများကို ဆွေးနွေးကြခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မြေယာပြုပြင်ပြောင်းလဲဖော်ဆောင်မှုလုပ်ငန်းစဉ်များ စနစ်တကျ နှင့် လျင်မြန်မှန်ကန်စေရေး အတွက် သင့်တော်သည့် အကြံပြုထောက်ခံချက်များ ဆွေးနွေး ဖော်ထုတ်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။