ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

Landesa အဖွဲ့မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လျှောက်လွှာပုံစံများ ပေးအပ်လှူဒါန်း

၂၀၁၂ ခုနှစ်တွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၄ ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈) ကို ပြင်ဆင်ပြဋ္ဌာန်းပြီး မြေယာမဲ့နိုင်ငံသားများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများအပါအဝင် ခွင့်ပြုမိန့် မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရယူအသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အနေဖြင့် ဥပဒေ နှင့်အညီ လျှောက်ထားနိုင်ရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ လုပ်ကွက်ငယ် တောင်သူလယ်သမားများအပါအဝင် လျှောက်ထားလို သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီလျှောက်ထားရာတွင် လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် Landesa အဖွဲ့က ဥပဒေနှင့်အညီ လျှောက်ထားနိုင်ရေးလိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ နှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်လွှာပုံစံများ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။ ဆက်လက်၍ Landesa အဖွဲ့မှကိုယ်စားလှယ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လျှောက်လွှာပုံစံများကို ပေးအပ်လှူဒါန်း ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က လက်ခံရယူပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

 မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Landesa အဖွဲ့၏ မြေယာ လုပ်ပိုင်ခွင့်ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ  ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)အရ မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးလုပ်ကိုင် မွေးမြူလိုသူများအတွက် ဥပဒေနှင့်အညီ လျှောက်ထားနိုင်ရေး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များနှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်လွှာပုံစံများကို တောင်သူလယ်သမားများ လက်ဝယ်သို့ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိရေး ကူညီပေးလိုကြောင်း ညှိနှိုင်းချက်အရ ယခုကဲ့သို့ လျှောက်လွှာပုံစံများ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း နှင့် ယနေ့အထိ လုပ်ငန်း ဆောင်ရွက်လိုသူများထံသို့ လျောက်လွှာပုံစံပေါင်း ၅ သိန်းကျော်ကို ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။