ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျှဝေခြင်း အစီအစဉ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ဆရာကြီး ဆရာမကြီးများနှင့် တပည့်များ ပါဝင်လှူဒါန်းမှုဖြင့် ကူနီကျေးရွာ ၌ စက်ရေတွင်း နှင့် ရေလှောင်ကန် လွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မျှဝေခြင်း အစီအစဉ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန အငြိမ်းစား ဆရာကြီး ဆရာမကြီးများနှင့် တပည့်များက ပါဝင်လှူဒါန်းမှုဖြင့် စက်ရေတွင်း နှင့် ရေလှောင်ကန် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့ နံနက် ပိုင်းက မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဖက်ကုန်းကျေးရွာ အုပ်စု ၊ ကူနီ ကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေး မှူးချုပ် ဦးကျော်မြင့်လှိုင်၊ အလှူရှင်များ ဖြစ်ကြသည့် ရန်ကုန် တက္ကသိုလ် သင်္ချာဌာန ၁၉၇၅-၇၉ ခုနှစ် ဆရာကြီး ဆရာမကြီးများ နှင့် သင်္ချာအဓိက ကျောင်းသားကျောင်းသူများ၊ ကျေးရွာရပ်မိ ရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလှူရှင်များကိုယ်စား ကိုယ်စားလှယ် တစ်ဦး က စက်ရေတွင်း၊ ရေတင်စက်ရုံ၊ အုတ်ရေလှောင်ကန်နှင့် ရေပိုက်လိုင်း လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် အလှူရှင် ကိုယ်စားလှယ် တစ်ဦးက စက်ရေတွင်း၊ ရေတင်စက်ရုံ၊ အုတ်ရေလှောင် ကန်နှင့် ရေပိုက်လိုင်း နှင့် ပတ်သက်သည့် လွှဲပြောင်းမှတ်တမ်းအား ပေးအပ်ရာ ကူနီကျေးရွာ ကျေးရွာရပ်မိရပ်ဖတစ်ဦးကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

“ရွာမှာ နှစ်တိုင်း နွေဆို ရေတွင်းတွေခမ်းပြီး သောက်ရေ အခက်အခဲကြုံတွေ့ ခဲ့ရပါတယ်။ ရေတစ်အိုးစာရဘို့ ခရီးတော်တော်ဝေးဝေးသွားခပ်ရတယ်။ သောက်သုံးရေ မကောင်းတော့ ကျန်းမာရေးတွေပါ ထိခိုက်လာတာတွေရှိပါတယ်။ ခုလို သောက်သုံးရေ ပြည့်စုံတော့ ကွျန်တော်တို့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်ကျန်းမာ စိတ်ချမ်းသာ နဲ့ လုပ်ငန်းခွင် ဝင်လို့ရကြပြီ ဖြစ်လို့ ဒီနေ့အလှူနဲ့ ပတ်သက်သူ အားလုံးကို ကျေးဇူးတင် ပါတယ်”  ဟု ဖက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဦး က ပြောသည်။

ယနေ့လွှဲပြောင်းပေးအပ်ခဲ့သော စက်ရေတွင်းမှာ တစ်နာရီ ရေဂါလံ ၄၈၀၀ ထွက်ရှိပြီး ရေဂါလံ ၃၀၀၀ ဆံ့သည့် ရေစုကန် မှ ရေကို ၊ ပေ ၄၃၀၀ ရှည်လျားသည့် ၃ လက်မ ရေပိုက်လိုင်း ဖြင့် ကျေးရွာတွင်းအရောက် ရေသွယ်ပေးပို့ခြင်းတို့ပါဝင်ပြီး ကျေးရွာနေ လူဦးရေ ၅၀၇ ဦး အတွက် သောက်သုံးရေဖူလုံစေမည်ဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၊ ကျေးလက် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသအနှံ့ အပြား တွင် ကြုံတွေ့ နေကြရသည့် သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲများ ကို ကူညီ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက် မည့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဦးစားပေး အလိုက် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များ၏ စုပေါင်း လှူဒါန်းငွေ နှင့် ဌာနဝန်ထမ်းများ၏ ကာယ ဉာဏ လုပ်အား ဒါနတို့ဖြင့် လိုအပ်ချက် တောင်းဆိုမှုများအပေါ် စိစစ်ပြီး ဦးစားပေး အလိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့လွှဲပြောင်းပေးအပ်ခဲ့သော စက်ရေတွင်းမှာ တစ်နာရီ ရေဂါလံ ၄၈၀၀ ထွက်ရှိပြီး ရေဂါလံ ၃၀၀၀ ဆံ့သည့် ရေစုကန် မှ ရေကို ၊ ပေ ၄၃၀၀ ရှည်လျားသည့် ၃ လက်မ ရေပိုက်လိုင်း ဖြင့် ကျေးရွာတွင်းအရောက် ရေသွယ်ပေးပို့ခြင်းတို့ပါဝင်ပြီး ကျေးရွာနေ လူဦးရေ ၅၀၇ ဦး အတွက် သောက်သုံးရေဖူလုံစေမည်ဖြစ်သည်။