သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

KOPIA မှ DAR သို့ မျိုးစေ့အမျိုးမျိုး၏ အရည်အသွေးအား ဓါတ်ခွဲစမ်းသပ်နိုင်သည့် Mininfra SmarT Whole Grain & Flour Analyser စက် ပေးအပ်လှူဒါန်း


ကိုရီးယား အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KOPIA) မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) သို့ Mininfra SmarT Whole Grain & Flour Analyser စက် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် ၈ နာရီ အချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ နှင့် စီမံကိန်း တာဝန်ရှိသူများ၊ KOPIA- Myanmar Center မှ Dr. Kim Dae Ho နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အနေဖြင့် နိုင်ငံတကာ သုတေသနဌာနများနှင့် ရင်ဘောင်တန်းနိုင်ရန် ကွင်းသုတေသနနှင့် ဓါတ်ခွဲခန်းသုတေသနများအား ကြိုးစားဆောင်ရွက်လျှက်ရှိပြီး၊ လူငယ်သုတေသီများ၏ အရည်အချင်း တိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှ အားပေးအားမြှောက်ပြု ဆောင်ရွက်လျှက်ရှိရာ ယခုကဲ့သို့ ပဲပုပ်သီးနှံ အထွက်နှုန်း မြင့်မားစေရန်အတွက် အထွက်ကောင်းမျိုးများ ရွေးချယ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်း စီမံကိန်း သုတေသနလုပ်ငန်းများအတွက် အထောက်အကူပြုသည့် Mininfra SmarT Whole Grain & Flour Analyser ဓါတ်ခွဲစမ်းသပ်စက် လှူဒါန်းခြင်းအား များစွာကျေးဇူးတင်ကြောင်း၊ KOPIA နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သုတေသနစီမံကိန်းများဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံရှိ ပဲပုပ်သုတေသန စိုက်ခင်းများနှင့် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံရှိ အာလူးတစ်သျှူး (Seed Tuber) သုတေသန လုပ်ငန်းများမှာလည်း များစွာအောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း၊ KOPIA နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သုတေသနစီမံကိန်းလုပ်ငန်းများ၏ အကျိုးရလဒ်များသည် တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် များစွာ အထောက်အကူဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်၍လည်း တောင်သူလယ်သမားအကျိုးပြု သုတေသနစီမံကိန်းများအား KOPIA အတူ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ က ပဲပုပ်သီးနှံ အထွက်နှုန်း မြင့်မားစေရန်အတွက် အထွက်ကောင်းမျိုးများ ရွေးချယ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်း စီမံကိန်းအတွက် များစွာအထောက်အကူပြုသည့် Mininfra SmarT Whole Grain & Flour Analyser စက်ကို လှူဒါန်းသည့်အတွက် ပဲပုပ်သီးနှံ အထွက်နှုန်းအပြင်၊ ဆီထွက်ရာခိုင်နှုန်း၊ ပရိုတင်းပါဝင်မှု၊ ကစီဓါတ်ပါဝင်မှုများ တိုင်းတာနိုင်မည်ဖြစ်ရာ၊ ခိုင်မာတိကျသည့် ဓါတ်ခွဲသုတေသနအဖြေများ ပေးနိုင်သည့် နည်းပညာဖြင့်ထုတ်လုပ်ထားသော စက်ဖြစ်၍ သုတေသနအတွက် အသုံးဝင်ခြင်းကြောင့် KOPIA မှ Dr. Kim Da Ho နှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း နှင့် အဆိုပါ စက်အား ပဲပုပ်သီးနှံအပါအဝင် အခြားသီးနှံများ၏ အရည်အသွေး ဓါတ်ခွဲစမ်းသပ်ခြင်း သုတေသနများတွင်လည်း အကျိုးရှိရှိ အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် KOPIA- Myanmar Center မှ Dr. Kim Dae Ho က သီးနှံအရည်သွေးများ ဓါတ်ခွဲစမ်းသပ်ရန် Mininfra SmarT Whole Grain & Flour Analyser စက်ကို လှူဒါန်းရသည့်အတွက် များစွာဂုဏ်ယူကျေနပ်မိပါကြောင်း၊ ရှေ့ဆက်လက်လည်း KOPIA အနေဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းကာ မြန်မာ တောင်သူ လယ်သမားများအတွက် အကျိုးပြုသုတေသနလုပ်ငန်းများအား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် KOPIA- Myanmar Center မှ Dr. Kim Dae Ho က မျိုးစေ့အမျိုးမျိုး၏ အရည်အသွေးအား ဓါတ်ခွဲစမ်းသပ်နိုင်သည့် Mininfra SmarT Whole Grain & Flour Analyser စက်အားပေးအပ်လှူဒါန်းရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လက်ခံရယူသည်။
KOPIA မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လှူဒါန်းသည့် Mininfra SmarT Whole Grain & Flour Analyser စက်သည် ပဲပုပ်သီးနှံအပါအဝင် စပါး၊ ဂျုံ၊ ဘာလီ၊ ပြောင်း၊ ဆီမုံညှင်းနှင့် ပြောင်းမှုန့်တို့တွင် ပါဝင်သည့် အစိုဓါတ်၊ ပရိုတင်းဓါတ်၊ ကစီဓါတ်၊ ဆီပါဝင်မှု၊ အိုးလီရစ် အက်ဆစ်ပါဝင်မှုတို့အား အနီအောက်ရောင်ခြည်သုံး အလင်းလှိုင်းနှုန်းများဖြင့် တိုင်းတာခြင်းဖြစ်ပြီး၊ အချိန်တိုအတွင်း တိကျသေချာသည့် ဓါတ်ခွဲအဖြေများရရှိနိုင်သည့် စက်ဖြစ်ကာ၊ တိုင်းတာရရှိသည့် အဖြေများအား ကွန်ပြူတာ၊ USB နှင့်ချိတ်ဆက်၍ စနစ်တကျ သိမ်းဆည်းနိုင်သည့် ခေတ်မီ စက်ကိရိယာ ဖြစ်ကြောင်း သတင်းရရှိသည်။