မြန်မာနိုင်ငံတွင် ကျေးရွာငွေတိုက်ထူထောင်ရန် သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက် ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ၌ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ဦးလှမြင့်အောင် ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ၊ Korean Federation of Community Credit Cooperatives မှ Executive Director Mr. Lee Yong Woo ၊ Senior Manager Mr. Sim Woo Jong ၊ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကိုရီးယားနိုင်ငံတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် Korea Saemaul Geumgo ၏ အတွေ့အကြုံများကို အခြေခံကာ မြန်မာနိုင်ငံတွင် ကျေးရွာ ငွေတိုက် များ စတင်ထူထောင်ရန် လိုအပ်သောနည်းပညာနှင့် ငွေကြေး အကူအညီ ထောက်ပံ့ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန နှင့် Korean Federation of Community Credit Cooperatives တို့ သဘောတူစာချုပ် လက်မှတ် ရေးထိုး ကြခြင်း ဖြစ်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျေးရွာသစ် စီမံကိန်း SMU ကျေးရွာများ၏ အောင်မြင်မှုကိုအခြေခံပြီး ကျေးရွာငွေတိုက် ထူထောင်ခြင်းစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာငွေတိုက် ထူထောင်ခြင်းစီမံကိန်းကို SMU ကျေးရွာ(၂၄) ရွာတွင် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဝင် ကျေးရွာများ၏ ဝင်ငွေတိုးလုပ်ငန်းများ အပါအဝင် ငွေကြေးစီမံခန့်ခွဲရာတွင် ငွေစုဆောင်း တတ်သည့် အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။