ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ မှ တာဝန်ရှိသူများအားတွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကူအညီများဆောင်ရွက်ပေးနိုင်ရေးဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များနှင့်အတူ သြဂုတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ အချိန်က ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)မှ စောနေစိုးမြ နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ တပ်ဖွဲ့ဝင်များ ၏ စားဝတ်နေရေး၊ လူမှုရေးနှင့် ပညာရေးဖြည့်ဆည်းပေးနိုင်ရေးအတွက် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးကြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးNCA သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုး၍ နိုင်ငံတော်၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံတော် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ သည် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ ၏ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် အခွင့် အလမ်းများရရှိ ရေးတို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်မှုသည် လက်ရှိ အစိုးရ ကာလအတွင်း ၄ ကြိမ်မြောက် ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ နှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

တပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်နေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တည်ဆဲ မြန်မာ့ပင်လယ်ငါး လုပ်ငန်း ဥပဒေနှင့်အညီ တရွတ်ဆွဲ သံခွံငါးဖမ်းရေယာဉ် ၃ စီးအသစ်တည်ဆောက်ခွင့် ပြုပေးခဲ့ပြီး၊ ကော့ကရိတ်မြို့နယ်ရှိ ဝိဇ္ဇာကုန်းကျေးရွာနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတို့၌ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ကျေးရွာတစ်ရွာလျင် ကျပ်သန်း ၃၀ နှုန်းဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ ထူထောင်ခြင်းကို လည်းကောင်း၊ နွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်စေရန် မေထုန်မဲ့ သားစပ် လုပ်ငန်းအတွက် နို့စားနွားအေးခဲ မျိုးရေခဲချောင်း ၁၃၅ ချောင်း၊ အသားစား နွားအေးခဲ မျိုးရေခဲချောင်း ၁၀ ချောင်း နှင့် ခိုင်းနွားအေးခဲ မျိုးရေခဲချောင်း ၁၃၅ ချောင်း တို့ကို ဖြန့်ဖြူးပေးခဲ့သည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ငြိမ်းချမ်းရေးအရ ပြန်လည်ဝင်ရောက်လာကြမည့် မိသားစု အိမ်ထောင်စုများအတွက် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကရင်ပြည်နယ်အစိုးရ က ထောက်ပံ့ရန်ပုံငွေ ကျပ် သန်း၅၀၀ ခွင့်ပြု ထားပြီး ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာအကူအညီများနှင့် ငါးသားပေါက်များဖြန့်ဖြူး ကူညီ ပေးသွားမည်ဖြစ်ကြောင်း နှင့် မြေယာအသုံးချခြင်းဆိုင်ရာအတွက်ကိုလည်း တည်ဆဲ ဥပဒေများ နှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။