ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကရင်ပြည်နယ် ၊မြဝတီမြို့နယ်၊ လေးကေ့ကော်နေရပ်ပြန်များ ပြန်လည်ထူထောင်ရေးအဖွဲ့ အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိများနှင့်အတူ ဇွန်လ ၂၇ ရက် နေ့လယ်က ဦးစောဌေးမြင့်အောင် ဦးဆောင်သည့် ကရင်ပြည်နယ် ၊မြဝတီမြို့နယ်၊ လေးကေ့ကော်နေရပ်ပြန်များ ပြန်လည်ထူထောင်ရေးအဖွဲ့ အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ကရင်ပြည်နယ် အား agro tourism ဒေသတစ်ခုအဖြစ်ဖော်ဆောင်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြသည်။

လေးကေ့ကော်နေရပ်ပြန်များ ပြန်လည်ထူထောင်ရေးဒေသအဖွဲ့က ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာကြသည့် တိုင်းရင်းသား ညီအစ် ကိုမောင်နှမများ ပြန်လည်နေရာချထားရေး ကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုး လုပ်ငန်းများဆောင်ရွက်နိုင်ရေး နှင့် ခရီးသွားလုပ်ငန်းများ ဒေသဖွံ့ဖြိုးလာရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နေရပ်ပြန် ပြည်သူများ ၏ အသက်မွေးဝမ်းကျောင်းအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကရင်ပြည်နယ် မြဝတီခရိုင် မြို့နယ်ရုံးနှင့် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC)  အဖွဲ့တို့ပူးပေါင်းပြီး KNU/KNLA (PC) အမှတ်(၇၇၅) အထူးတပ်ရင်း၊ ထီးဝါပလော မွေးမြူရေးစခန်းတွင် ‘ပေါင်းစည်းလယ်ယာမြေ စိုက်ပျိုးမွေးမြူရေး သင်တန်း’ ဖွင့်လှစ်သင်တန်းပေးခြင်း၊ ထီးဝါပလောကျေးရွာရှိလူငယ်များ၊ အမှတ် (၇၇၅) အထူးတပ်ရင်းမှ တပ်မိသားစုဝင်များ၊ စောနေစိုးမြမွေးမြူရေးခြံမှ တပ်မိသားစုဝင်များ၊ မွေးမြူရေး တောင်သူများအပါအဝင် သင်တန်းသားများအား သင်တန်းပို့ချပေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန က ဒေသတွင်းရှိသက်ဆိုင်ရာအစိုးရ ဌာနများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး နေရပ်ပြန်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေးနှင့် ကရင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် စံပြခြံနဲ့ စိုက်ခင်းများထူထောင်ခြင်း၊ စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများ၊ အော်ဂဲနစ် စိုက်ပျိုးနည်း စနစ်များ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း နည်းစနစ်၊ မြေအရည်အသွေး စစ်ဆေးခြင်း နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။