ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဂျပန်ယန်းငွေ(၄၄၄)သန်း တန်ဘိုးရှိသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကရိယာများ ထောက်ပံ့

ဂျပန်းနိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆောက်ရွက်မည့် “ကျေးလက်ဒေသများ အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာများ ထောက်ပံ့ ပေးရေး စီမံကိန်း” အတွက် Grant Agreement သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၅၀ ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက် အားပေးသည်။

စက်မှုလယ်ယာဦးစီးဌာန နှင့်  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ လက်မှတ်ရေးထိုးကြသည့် အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက ဂျပန်ယန်းငွေ စုစုပေါင်း(၄၄၄)သန်း တန်ဘိုးရှိ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ် ၊ စက်ယန္တရား (၆၁)စီး နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ပြီး ဆန်စပါးကို အဓိကထား စိုက်ပျိုးနေပြီး လုပ်ကွက်ငယ် တောင်သူအများအပြားရှိသော ဧရာဝတီတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်ရှိ  အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးမှု နည်းပါးလျှက် ရှိသည့် ဒေသခံပြည်သူများအတွက် ရည်ရွယ်ထောက်ပံ့ကူညီပေးခြင်း ဖြစ်ကြောင်းသိရသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတန်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆေွလင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏကျော်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေးဂျင်စီ (JICA) အရာရှိချုပ်  Mr, Masayuki KARASAWA သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းတာဝန်ခံ အရာရှိများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး က အမှာစကားပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် နှင့်  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေးဂျင်စီ(JICA) ဌာနေကိုယ်စားလှယ် Mr. Massayuki KARASAWA တို့က “ကျေးလက်ဒေသများ အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းကရိယာများ ထောက်ပံ့ပေးရေး စီမံကိန်း” အတွက် Grant Agreement သဘောတူစာချုပ် တွင် လက်မှတ်ရေးထိုးကြသည်။

           အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရာ၌ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်း ဦးစီးဌာန တို့သည် အဓိကတာဝန်ရှိသူများ ဖြစ်သည့်အတွက်၊ စီမံကိန်းက ထောက်ပံ့ပေးထားသည့် ယာဉ် / စက်ယန္တရားများကို မှန်ကန်ထိရောက်စွာ အသုံးပြုပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မား လာစေရေး တို့မှတဆင့် ကျေးလက်ဒေသနှင့် မြို့ပြများဖွံ့ဖြိုး တိုးတက်မှုကွာခြားချက် လျှော့နည်းစေရေး စသည့် စီမံကိန်းရည်ရွယ်ချက်များ ပြည့်မီအောင် သက်ဆိုင်ရာဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က ပြောသည်။

လယ်ယာလုပ်ငန်း သုံးစက်ပစ္စည်းများ အသုံးပြုခြင်းသည် လယ်ယာလုပ်သားခ နှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျော့ချရေး၊ သီးနှံအရည်အသွေးနှင့် ထွက်နှုန်းမြှင့် တက်လာရေး၊ တောင်သူများဝင်ငွေ တိုးတက် ရရှိရေး တို့အတွက် အဓိကအချက်ဖြစ်ပြီး၊ အခြားတဖက်တွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းကရိယာများသည် ကျေးလက်ဒေသများ၌ နှစ်စဉ် မိုးရာသီတွင် ကြုံတွေ့နေရသည့် မိုးရေကြောင့် မြေပြိုမှု၊ လမ်းပျက်စီးမှုများကို ထိမ်းသိမ်း၊ ပြုပြင်သွားနိုင်မည် ဖြစ်သည့်အတွက် ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး၊ ဒေသတွင် လမ်းကွန်ယက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။