ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 မြန်မာနိုင်ငံ၏ စိုက်ပျိုး မွေးမြူရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီး မြုပ်နှံနိုင်ရေးဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူ များနှင့်အတူ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီက ဂျပန်ပြင်ပ ကုန်သွယ်ရေး အဖွဲ့ အစည်း (Japan External Trade Organizagion- JETRO)  မှ မန်နေဂျင်း ဒါရိုက်တာ Mr. Kazufumi TANAKA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စိုက်ပျိုး မွေးမြူရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံ JETRO တို့အကြား လယ်ယာကဏ္ဍဖွံ့ ဖြိုးရေးဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း‌‌ ဆောင်ရွက် နေမှုများ၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ၏ ဖြစ်နိုင်ခြေရှိသည့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာဗျူဟာ နှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အစားအစာ ဘေးကင်း လုံခြုံမှုရှိစွာ ထုတ်လုပ်မှုပိုမိုဖွံ့ဖြိုးလာရေးလုပ်ငန်းစဉ်များ၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများမှ ဇီဝမြေသြဇာ အဖြစ် ပြန်လည်အသုံးပြုနှင့်မှုအပါအဝင် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းစဉ်များ၏ အပြန်အလှန် အထောက်အပံ့ပြုနိုင်မှုကို လက်တွေ့ အသုံးချ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဂျပန်နိုင်ငံ နိုဘယ်ကုမ္ပဏီ၏ နို့နှင့် နို့ထွက် ပစ္စည်း လုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်း အား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ပြည်တွင်းပြည်ပ စျေးကွက်များသို့ တိုးချဲ့ တင်ပို့နိုင်ရေး၊ နို့်နှင့်နို့ထွက်ပစ္စည်းများအား ဒေသတွင်း လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းအရ လက်ရှိ အခြေအနေ နှင့် ရေရှည်တည်တံ့သော မေွးမြူရေး ကဏ္ဍဖွံ့ဖြိုလာရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ပြည်ပ ရင်းနှီးမြုပ်နှံမှု နှင့် မြေယာ အသုံးချမှုများ အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။