စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန တို့ ပူးပေါင်း၍ “Japan-Myanmar Cooperation Dialogue for the Development of Agriculture and Food Industry” (Official Level Meeting) အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက် အဖွင့် အမှာ စကားပြောကြားသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ အချင်းချင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် အချင်းချင်းတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများနှင့် အထောက်အပံ့အကူအညီ ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံဝန်ကြီးဌာန ဆွေးနွေးပွဲများအဖြစ် “Japan-Myanmar Cooperation Dialogue for the Development of Agriculture and Food Industry” (Official Level Meeting) အစည်းအဝေးကို ၂၀၁၄ ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ယနေ့ ဆွေးနွေးပွဲသည်(၆)ကြိမ်မြောက် ဖြစ်ပြီး ဆွေးနွေးပွဲတွင် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ဦးစီးဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Food Value Chain ဆိုင်ရာ လယ်ယာကဏ္ဍသီးနှံများဖြစ်သည့် နှမ်း၊ကြံ၊အစေ့ထုတ်ပြောင်း၊ခရမ်းချဉ်၊ဂေါ်ဖီထုပ်၊ ပန်းမုံလာ ၊ ငရုပ်ပွများ နှင့် မွေးမြူရေးကဏ္ဍများဖြစ်သည့် နို့စားနွားမွေးမြူခြင်းနှင့် ငါးမွေးမြူခြင်း ဆိုင်ရာလုပ်ငန်းများ ၊ ယခင်ရေးဆွဲခဲ့သော Food Value Chain Roadmap အရ ဆောင်ရွက်ထား ရှိမှုများနှင့် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် အခက်အခဲများ ကို ဆွေးနွေးသွားမည် ဖြစ်သည်။
၂၀၁၆- ၂၀၂၀ ခုနှစ်အထိ (၅) နှစ်တာ ရေးဆွဲခဲ့သော Food Value Chain Roadmap အရ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်တို့တွင် ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း အမြဲတမ်းအတွင်းဝန်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Mr. KITADA Hiromichi (မစ္စတာ ကိတဒ ဟီရိုမီချီ)၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။