ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E Mr. Ronen Gilor နှင့် အဖွဲ့ အား တွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E Mr. Ronen Gilor  နှင့် အဖွဲ့အား ဒီဇင်ဘာလ ၁၂ ရက်နေ့နံနက် (၁၁)နာရီအချိန် က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးနည်းပညာဆိုင်ရာများအား နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးကြသည်။

တွေ့ဆုံရာတွင်  ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အစ္စရေးနိုင်ငံ သံအမတ်ကြီး နှင့်အတူ Netafilm Limited မှ စိုက်ပျိုးရေးပညာရှင်ဖြစ်သူ Mr. Danny Stern တို့ပါဝင်တက်ရောက်ကြသည်။

နှစ်ဘက်ဆွေးနွေးရာတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၌ အစ္စရေးနိုင်ငံ၏ အထောက်အပံ့ဖြင့် ဟင်းသီး ဟင်းရွက်သရုပ်ပြစိုက်ခင်း ဆောင်ရွက် ထားရှိပြီး သင်ကြားရေး အထောက်အကူပြုနိုင်မှု အခြေ အနေများ ကိုလည်းကောင်း ၊ အသားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု လုပ်ငန်းခွင်သင်တန်း ဆောင်ရွက်နိုင်ရေး နှင့် စံပြနို့စားနွား မွေးမြူရေးခြံနှင့် နို့ပြုပြင် ထုတ်လုပ်ရေး စက်ရုံတည်ထောင်ရေးစီမံကိန်း  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ၊ အစ္စရေးနိုင်ငံ  စိုက်ပျိုးရေး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှုအလားအလာများနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။