UK’s National Accreditation Body မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ISO 9001:2015 Quality Management System (QMS) လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကို ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် ၉ နာရီ အချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ Bureau veritas မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းထွဋ်၊ Myanmar Access International Co.,Ltd မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာသန်းလွင်နှင့် ပုဂ္ဂလိက မျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်တွင်းမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
လျှင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် ခေတ်ကာလတွင် ISO အရည်အသွေးစီမံခန့်ခွဲမှုစနစ်များအား စွန့်စားစွန့်လွှတ်ရမှုများအပေါ် အခြေခံသောတွေးခေါ်မှုဖြင့် (Risk- based Thinking) ISO 9001:2008 မှ ISO 9001:2015 ကို ပြောင်းလဲ သတ်မှတ်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ISO 9001:2015 QMS လက်မှတ် ရရှိခဲ့ခြင်းကြောင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဓါတ်ခွဲခန်း သုတေသနလုပ်ငန်းများမှ သုတေသီပညာရှင်များအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်တွေးခေါ် လုပ်ဆောင်မှုများ သိရှိခံယူနားလည်လာခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဓါတ်ခွဲခန်း သုတေသနလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ စံချိ်န်စံညွှန်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လာ နိုင်ခြင်း၊ ISO 9001:2015 လက်မှတ်ရရှိပြီး၊ နှစ်စဉ်စစ်ဆေးမှုများ ရှိလာမည်ဖြစ်ခြင်းကြောင့် မိမိတို့ သုတေသန ဓါတ်ခွဲခန်းများအား အဆင့်မီ ဆက်လက်ထိန်းသိမ်းလာနိုင်ခြင်း ၊ ISO 9001:2015 လက်မှတ်ရရှိပြီး မသိသေးသော ဓါတ်ခွဲနည်းပညာစနစ်များ အချင်းချင်း ဖလှယ်ရယူနိုင်ခြင်းနှင့် ဓါတ်ခွဲခန်း သုတေသနလုပ်ငန်းများ၏ အရည်အသွေးများ ပိုမိုတောက်ပြောင်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
သုတေသနဓါတ်ခွဲခန်းများ၏ အရည်အသွေးကို မြှင့်တင်လျက် တိကျမှန်ကန်သည့် ဓါတ်ခွဲတွေ့ရှိချက်များအား ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရေးနှင့် ခိုင်မာမှန်ကန်သည့် သုတေသနဓါတ်ခွဲတွေ့ရှိချက် ရလဒ်ကောင်းများ ရရှိလာစေရန် ရည်ရွယ်လျက် ISO 9001:2015 လက်မှတ်ရရှိရေးကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ(၈) ရက်နေ့တွင် ရရှိခဲ့ခြင်းဖြစ်သည်။
ယခုရရှိသော ISO အမျိုးအစားသည် United Kingdom Accreditation Service (UKAS) London မှ ပေးပို့သော ISO 9001:2015 Scope of certification “Management for Research and Experimental Development on Agricultural Farming” ဖြစ်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ISO 9001: 2015 QMS လက်မှတ်ရရှိခဲ့သည့် ဌာနနှင့် ဓါတ်ခွဲခန်းများမှာ စီမံခန့်ခွဲရေးဌာနစု (Administration Section) ၊ စိုက်ပျိုးရေး အဏုဇီဝ ဓါတ်ခွဲခန်း (Agricultural Microbiology Research Laboratory)၊ အပင်ရောဂါဖြစ်ကြောင်း အဏုဇီဝများ အမျိုးအစား ခွဲခြားခြင်းနှင့် မွေးမြူရွေးချယ်ခြင်းဓါတ်ခွဲခန်း (Disease Identification and Microbe Isolation Laboratory)၊ စိုက်ပျိုးရေ အရည်အသွေး စစ်ဆေးရေးဓါတ်ခွဲခန်း (Irrigation Water Quality Laboratory)၊ အပင်ဇီဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်း ဓါတ်ခွဲခန်း (Plant Genetic Resource Conservation and Utilization Laboratory)၊ အပင်ဇီဝနည်းပညာ ဓါတ်ခွဲခန်း (Plant Molecular Biology Laboratory)၊ ရိတ်သိမ်းချိန်လွန် နည်းပညာဓါတ်ခွဲခန်း (Seed Quality Testing Laboratory- Postharvest) ၊ မြေနှင့် အပင်နမူနာ ဓါတ်ခွဲခန်း (Soil and Plant Analysis Laboratory) တို့ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန က သတင်းရရှိသည်။