ဧရာဝတီလင်းပိုင်ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း
ဧရာဝတီလင်းပိုင်
ဧရာဝတီလင်းပိုင်တို့သည် ရေနေနို့တိုက်သတ္တသဝါများ ဖြစ်ကြပါသည်။ တစ်ကြိမ် သားပေါက်လျှင် (၁)ကောင်သာ ပေါက်ပါသည်။ ဧရာဝတီမြစ်အတွင်း လွန်ခဲ့သောနှစ်ပေါင်း (၁၂၀၀)ကျော် (၈ ရာစုနှစ်-ပျူခေတ်) ကတည်း က နေထိုင်ကျက်စားခဲ့ကြပါသည်။ (၁၉)ရာစုနှစ်က သဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင်သည် ဧရာဝတီမြစ်အတွင်း စတင် တွေ့ရှိခဲ့ရာမှ ဧရာဝတီလင်းပိုင်(Irrawaddy Dolphin) ဆိုသော ကမ္ဘာ့မှတ်တမ်းဝင် အမည် ရရှိခဲ့ပါသည်။
ကမ္ဘာ့အခြားနိုင်ငံရေပြင်များတွင်လည်း တွေ့ရှိနိုင်ပြီး ဧရာဝတီလင်းပိုင်(Irrawaddy Dolphin) ဟုသာ ခေါ်ဝေါ်သုံးစွဲကြပါသည်။ ဧရာဝတီလင်းပိုင်တို့သည် ကျွန်ုပ်တို့ ဘိုးဘွားများနှင့် ဧရာဝတီမြစ်တို့က ထိန်းသိမ်း ပေးအပ်ခဲ့သည့် အမွေအနှစ်ဖြစ်ပါသည်။
ဧရာဝတီမြစ်ပိုင်း၏ မန္တလေးနှင့် ဗန်းမော်မြို့အကြားတွင် ဧရာဝတီလင်းပိုင် ခန့်မှန်း ကောင်ရေ စုစုပေါင်း(၇၀)ခန့် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းဘေးမဲ့တော်တွင်လည်း ဧရာဝတီလင်းပိုင် ခန့်မှန်းကောင်ရေ စုစုပေါင်း (၂၀)ကောင်ခန့် တွေ့ရှိရကြောင်း သတင်းရရှိထားပါသည်။
ဧရာဝတီလင်းပိုင်များသည် နှစ်စဉ် (၅)ကောင်နှင့်အထက် သေဆုံးလျက်ရှိပြီး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှု စနစ်တကျမပြုလုပ်ပါက မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သော အခြေအနေသို့ ရောက်ရှိနိုင်ပါသည်။ ထို့အတူ ဧရာဝတီလင်းပိုင်ဆိုသည့် အမည်သည် လည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားနိုင်ပါသည်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ
ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးပညာပေးခြင်း။ ဧရာဝတီလင်းပိုင်များ သေဆုံးမှုနှုန်း လျော့ကျစေရန်အတွက် ဘတ္ထရီရှော့တိုက် ငါးဖမ်း ဆီးခြင်းကို တိုက်ဖျက်ရန်။ မျှောပိုက်ကြီး/ မျှောပိုက်ရှည် အသုံးပြုသူများနှင့် ရေယာဉ် မောင်းများသည် ဧရာဝတီ လင်းပိုင်များရှိနေပါက ငါးဖမ်းဆီးမှုအား အထူးသတိထား ဆောင်ရွက်ရန်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေအသစ်များ ရှာဖွေထူထောင်ခြင်း။ မြစ်ချောင်းအနီးကျေးရွာများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းမှတဆင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းများ ရရှိလာစေခြင်း။
ဗဟုသုတ ရှာမှီးသူများအတွက် လေ့လာမှုများ ပြုလုပ်နိုင်ခြင်း။
ဧရာဝတီလင်းပိုင်များ သေဆုံးလျော့နည်းပျောက်ကွယ်လျက်ရှိသည့် အကြောင်းအရင်းများ
တရားမဝင် ဘက္ထရီ ရှော့တိုက်ငါးဖမ်းဆီးခြင်း။ ငါးဖမ်းပိုက်များတွင် မတော်တဆ ညိတွယ်သေဆုံးရခြင်း။ ရေယာဉ်ပန်ကာများ၏ ခုတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးရခြင်း။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်သည် ပြည်သူတစ်ရပ်လုံး အသိစိတ် ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှသာ ပြီးပြည့်စုံသည့် အောင်မြင် မှု ရရှိနိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။