နယ်သတင်းများ သတင်းကဏ္ဍ

ဝါးခယ်မမြို့နယ်၊ ထန်းပင်စု ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ချောင်းကူးတံတား တည်ဆောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ထန်းပင်စု ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ချောင်းကူးတံတား တည်ဆောက်နေမှုကို ယနေ့ နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချောင်းကူးတံတားမှာ အရှည် ပေ ၅၀ ၊ အကျယ် ၁၀ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်တံတား ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၊ ဒေသခံပြည်သူများမှ ထည့်ဝင်ငွေ ကျပ်သိန်း ၅၀ ဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချောင်းကူးတံတား တည်ဆောက်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဖြစ်သည့် ချောင်းကူးတံတား တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ခြင်းလုပ်ငန်းများကို ထန်းပင်စုကျေးရွာအပါအဝင် ကျေးရွာစုစုပေါင်း ၁၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ (ပြန် / ဆက်)