ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် နှင့် ဆက်စပ် ဂေဟစနစ်များ မပျက်သုဉ်းစေရန် နှင့် သန့်ရှင်း သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်

       အင်းလေးကန် အစဉ်အမြဲ သန့်ရှင်း သာယာလှပစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်များ မပျက်သုဉ်းစေရန် နှင့် အင်းလေးကန်၏ သဘာဝအနေအထားများ အရှည်သဖြင့်တည်တံ့နေစေရန်တို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဆက်စပ် ဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်သဲနုန်း ကျင်းပေါင်း တစ်သိန်းခန့် တူးဖော် ဖယ်ရှားပေးလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ စက်တင်ဘာလ ၃ရက်နေ့ နံနက်ပိုင်း တွင် အင်းလေးကန် သာယာလှပရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းများက သဲနုန်းများဆယ်ယူနေမှု၊ ကျွန်းမျောရိုင်းများ ဖယ်ရှားရှင်းလင်း နေမှု နှင့် နုန်းဖမ်းတမံ နုန်းဖမ်း ဆည်များ တည်ဆောက်ထားရှိမှုများကို စက်လှေများဖြင့် လှည်လည်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မြင့်လှိုင် က အင်းလေးကန် အတွင်း စီးဝင်လာသည့် အဓိက ရေလမ်းကြောင်း တစ်လျောက် ရေလမ်းအမှတ်အသားများနှင့် နယ်နိမိတ်မှတ်တိုင် စိုက်ထူ ထားရှိမှုလုပ်ငန်းများ၊ စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများ၊ နုန်းဖမ်းတမံ နုန်းဖမ်း ဆည် တည်ဆောက်ခြင်းလုပ်ငန်း၊ သဲနုန်း တူးဖော်ခြင်းလုပ်ငန်း၊ ကျွန်းမျောရိုင်းများ ဖယ်ရှား ရှင်းလင်းနေမှု နှင့် စုစည်းထိန်းချုပ်ခြင်း နှင့် အထောက်အကူပြုလုပ်ငန်း ဆောင်ရွက်ထားရှိ မှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြောကြားရာ၌ အင်းလေးကန်  သည် ဒေသအတွင်း မီတင်းနေထိုင်ကြသော သက်ရှိများ နှင့် ဂေဟစနစ်တို့ အပေါ် အပြန်အလှန် ချိတ်ဆက် လွှမ်းမိုးထားသော တန်ဘိုးရှိသည့် သဘာဝ အရင်းအမြစ်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးသွားဒေသတစ်ခုလည်း ဖြစ်သည့် အားလျော်စွာ သန့်ရှင်း သာယာလှပရေးကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တိမ်ကော ပျက်စီးမှုကိုဟန့်တားထိန်းချုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒေသနေပြည်သူများအား အင်းလေးကန်  ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စည်းရုံးခြင်း၊ ဘဏ္ဍာနှစ်အလိုက် ထိရောက်သော စီမံဆောင်ရွက်မှုများဖြင့် ဦးစားပေး လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းလေးဖောင်တော်ဦးဘုရား သို့ ရောက်ရှိ ကြပြီး ပန်းရေချမ်းများ ဆက်ကပ်လှူဒါန်းကာ ဖောင်တော်ဦးဘုရားဘက်စုံမွမ်းမံရေး လုပ်ငန်း အတွက် နဝကမ္မအလှူတော်ငွေများပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင်များ ပြန်လည် ပေးအပ်သည်။

အင်းလေးကန်   သည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိပြီး ကန် ဧရိယာ ၆၃ စတုရန်းမိုင်၊ ကန်ရေပြင်အကျယ် ဧရိယာ ၂၄ စတုရန်းမိုင်ရှိသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ၂၅ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃၆.၅ လက်မခန့်ရွာသွန်းခဲ့ပြီး ချောင်း ၂၉ ချောင်းမှ ရေစီးဝင်လျက်ရှိသည်။

အဆိုပါ ချောင်းများမှ စီးဝင်သည့်ရေလမ်းကြောင်း တစ်လျှေက်ရှိ ပတ်ဝန်းကျင် ၌ တောင်ယာခုတ်ထွင်ရှင်းလင်း ထွန်ယက်လုပ်ကိုင်မှုများကြောင့် အပေါ်ယံမြေများ အချပ်လိုက် တိုက်စား စီးဆင်းလာခြင်း၊ ကမ်းပါးပြိုတိုက်စားခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကန်အတွင်းသဲနုန်းပို့ချမှု မှတဆင့် တိမ်ကောလာကာ ကျေးရွာခြင်းဆက်သွယ်သည့် ရေလမ်းကြောင်းများ တိမ်ကော လာခြင်း၊ ရေနည်းချိန်တွင် ကမ်းစပ်ရေတိမ်ဒေသများ၌ သွားလာရခက်ခဲခြင်း၊ ရေအရည်အသွေး ကျဆင်းလာမှုနှင့်အတူ ရေမှော်၊ ဗေဒါများ ထူထပ်စွာ ပေါက်ရောက်ခြင်း၊ ရေလမ်းကြောင်းပိတ်ဆို့ လာမှုကြောင့် ရေပြင်ဧရိယာ နှင့် ရေလှောင်ပမာဏလျော့နည်းလာခြင်းများ ကြုံတွေ့နေရသည့် အင်းလေးကန်၏ သဘာဝ အနေအထားများ အရှည်သဖြင့်တည်တံ့စေရန် သုတေသနလုပ်ငန်းများ၊ သဲနုန်းများ ဆယ်ယူခြင်း၊ နုန်းဖမ်းတမံ နုန်းဖမ်းဆည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကျွန်းမျော ရိုင်းများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အလားတူ နုန်းများပြည့်နေသည့် ကန့်ထောင့်ကန်၊ နဒီကန်၊ သာစည်ကန်၊ ကန်တော်ကန်၊ လွယ်တန့်ကန်၊ လွယ်မောကန် စသည့်ကန်များအား နုန်းစစ်ကန်များအဖြစ် ပြန်လည် အသုံးပြု နိုင်ရန် အဆိုပါကန်များအတွင်းရှိ သဲနုန်းများအား ဖယ်ရှားခြင်းလုပ်ငန်း၊ ရေပယ်နုန်းထိန်းတမံ၊ သနပ်ခါး   နုန်းထိန်းတမံ တို့မှ သဲနုန်းများအားဖယ်ရှားခြင်းလုပ်ငန်း ၊ အင်းလေးကန် အတွင်း စီးဝင်သည့် ရေလမ်းကြောင်းရှိ ချောင်းများအား စနစ်တကျ ပြန်လည်တူးဖော်ပြီး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း၊ နမ့်ကတ်ချောင်းဝ၊ ငါးဖယ်ချောင်းဝ နှင့် မြေနီကုန်း မြောင်းထိပ် အပါအဝင် အင်းရေပြင်ရှိ သဲနနုန်းများတူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။