ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်(၁၁)နာရီခွဲ အချိန် က မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသည့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေး နှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ၏ ပထမအကြိမ် အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေသော အိန္ဒိယ သမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာ ဝန်ကြီး H.E Mr. Parshottam Rupala အား နေပြည်တော် Hilton Hotel ဧည့်ခန်းမ ၌ တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဖော်ဆောင်ရေး ဆွေးနွေးသည်။

နှစ်ဘက်ဆွေးနွေးရာတွင် အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့်ပညာရေး ဗဟိုဌာန(ACARE) နှင့် စပါးဇီဝဥယျာဉ်(Rice Bio Park)နှင့်ပတ်သက်သည့် လေ့ကျင့်ပညာပေးရေးအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မဟာသိပ္ပံနှင့် ဘွဲ့လွန်သင်တန်းများ၊ ကာလတိုသင်တန်းများ အပါအဝင် နည်းပညာ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ ခေတ်မီစက်မှုလယ်ယာ နည်းပညာကျင့်သုံးနိုင်ရေးဆိုင်ရာများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ တိရစ္ဆာန်ကျန်းမာရေးနှင့် စီမံခန့်ခွဲရေးအတွက် သင်တန်းများဖွင့်လှစ်ပေးမည့် စီမံချက်ဆိုင်ရာများအား ဆွေးနွေးကြကြောင်း သိရှိရသည်။