၁။ မျိုးရင်း။ ။ Flacourtiaceae. (နရွဲမျိုးရင်း)
၂။ ရုက္ခဗေဒအမည်။ ။ Hydnocarpus kurzii Warburg
၃။ အခေါ်အဝေါ် –
မြန်မာအမည် – ကလော။
၄။ ပုံသဏ္ဍာန် –
အပင်။ ။ အမြဲစိမ်းလန်းသော ပင်မတ်ပင်ကြီးမျိုးဖြစ်၏။ ၅၀- ၈၀ ပေမြင့်၍၊ လုံးပတ် ၂-၄ ပေရှိိ၏ အကိုင်းများ ထိပ်ဖျား၌ စုနေ၍ အောက်သို့တွဲလောင်းဖြာကျသည်၊ အခေါက် ညိုဝါရောင်၊ မီးခိုးရောင်ရှိ၍ အဖြူကွက် ကလေးများပါရှိသည်။
အရွက် ။ ။ ရွက်လွှဲထွက်သည် ၇- ၁၀ လက်မ ရှည်သည်၊ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်၊ ရွက်ထိပ် ချွန်သည်၊ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။
အပွင့် ။ ။ သေးငယ်၍ အဝါဖျော့ရောင်ရှိသည်၊ အနံ့မရှိ၊ တပေါင်း တန်ခူး တွင် ပွင့်သည်။
အသီး ။ ။ ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်၊ အချင်း ၃ လက်မခန့်ရှိ၍ လုံးဝိုင်းသည်၊ ဝါဆိုလကုန်တွင် သီးသည်။
အစေ့ ။ ။ ၁ လက်မခန့်ရှိသော အစေ့များစွာပါရှိပြီး အသားပျော့ထဲတွင် နစ်မြုပ်နေသည်။ ၎င်းအစေ့မှ ကလော ဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ်သုံးကြသည်။
၅။ ပေါက်ရောက်သည့်ဒေသ။ ။ ချင်းတွင်း၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ပျဉ်းမနားနှင့် အမြဲစိန်းလန်းသော သစ်တောများတွင် ပေါက်ရောက်သည်။
၆။ ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် လျှိုမြောင်စိမ့်စမ်းရှိသော တောင်စောင်းများတွင် ပေါက်ရောက်သည်။
၇။ အသုံးပြုသည့်အစိတ်အပိုင်း။ ။ အခေါက်၊ အသီး၊ အဆီ။
၈။ အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ပူ၏ ခါးစပ်၏ အန်စေသည်။ အဆိပ်ကိုပြေစေသည်၊ နာကျင်ကိုက်ခဲခြင်းနှင့် အစာမကြေ လေရောဂါတို့ကို ပျောက်စေ၏၊ ရောဂါပိုးများကို နိုင်သည်။
၉။ အသုံးပြုပုံ –
အခေါက် ။ အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏။
အသီး ။ ကလောသီးကိုစားပါက နူနာ၊ အပူကြောင့်ဖြစ်သောအနာ၊ အော့အန်သော အနာတို့ ပျောက်ကင်း၍ သွေးလေ သလိပ်တို့ကို ကြေစေသည်။
အဆီ ။ (၁) ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသော သတ္တိရှိ၏။
(၂) အဆီသည်ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် နူနာနှင့် အခြား အရေအပြားရောဂါများကို ကုသရာ၌ အများဆုံး အသုံးပြုကြသည်။
လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း ၏ ၁၅-၅-၁၉၈၀နေ့ထုတ် မြန်မာ့ဆေးဝါးပင်များစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။