ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လူထုဗဟိုပြုစီမံကိန်း နှင့် မြန်မာဆေးမာအူးလ်အွန်ဒုန်စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးအားပေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ၊ နွားထိုးကြီးမြို့နယ် ၊ ထန်းဂွတောင် ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း နှင့် မြန်မာဆေးမာအူးလ်အွန်ဒုန်စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးအားပေးကြသည်။

စီမံကိန်းရှင်းလင်း‌ ဆောင်တွင် လူထုဗဟိုပြုစီမံကိန်း ၊  စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်ဝင်းမာ နှင့် မြန်မာဆေးမာအူးလ်အွန်ဒုန်စီမံကိန်း ကျေးရွာခေါင်းဆောင် ဦးနိုင်ဝင်း တို့က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လ ဝီရိယရှိခြင်း၊ စုပေါင်းဆောင်ရွက်တတ်ခြင်းစသည့် ဆေးမာအူးလ်အွန်ဒုန် စိတ်ဓါတ်များ ကို မိမိတို့ကျေးရွာသူကျေးရွာသားများ ရေရှည်ထိန်းသိမ်းကျင့်သုံးသွားရန်လိုအပ်သကဲ့သို့ အခြား ကျေးရွာများသို့ ပြန့်ပွားကူးစက်သွားစေရန် စံနမူနာပြ ကြိုးပမ်းကြစေလိုကြောင်း၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် စုပေါင်းထည့်ဝင်ငွေများကိုအခြေခံသည့် မိမိကျေးရွာ ရံပုံငွေဖြင့် မိမိကျေးရွာထွက်ကုန်သီးနှံများကို စျေးကောင်းရချိန်ထိ သိုလှောင်ရောင်းချနိုင်မည့် သိုလှောင်ရုံ များတည်ဆောက်အသုံးပြုနိုင်ရေး၊ သီနှံကြိုတင်ငွေပုံစံဖြင့် အတိုးသက်သာသည့် ချေးငွေ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပြီး လက်ရှိဖွံ့ဖြိုးမှု အခြေအနေ ထက် သာလွန်သည့် ကျေးရွာကြီးဖြစ်ပေါ်လာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။