နယ်သတင်းများ သတင်းကဏ္ဍ

မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းဝင် ကျေးရွာများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်သည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တစ်ရွာ တစ်ယူနစ်နှုန်း ရရှိသည့် ကျေးရွာ(၃)ရွာမှ မြစိမ်းရောင် ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ထွန်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဇော်နှင့် မြို့နယ်ကျေးလက် ဦးစီးမှူးတို့က လွှဲပြောင်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ ကော်မတီအဖွဲ့ဝင်များအား မြစိမ်းရောင် ငွေစာရင်းပုံစံများနှင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ သဘောတူ စာချုပ်ပါ အကြောင်းအရာများအား ရှင်းလင်း ပြောကြားသည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တစ်ရွာတစ်ယူနစ်နှုန်းဖြင့် စီမံကိန်းဝင် ကျေးရွာများဖြစ်သော ပိန်းအင်းအုပ်စု ကြာအင်းကျေးရွာ ရှမ်းရွာအုပ်စု ရှမ်းရွာကျေးရွာနှင့် မိုးကုတ်အုပ်စု အောက်စုကျေးရွာများအား မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း (၃၀၀)နှုန်းစီ ရရှိမည်ဖြစ်ပြီး ယင်းကျေးရွာသုံးရွာရှိ ကျေးလက်နေ ပြည်သူများ၏ လူမူဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယခုလို စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးထံမှ သိရသည်။