သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တရုတ် – အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်များ စိုက်ပျိုးပြသပွဲ (China (Guangxi)- ASEAN New Varieties of Vegetables Expo) ကျင်းပ

တရုတ်နိုင်ငံနှင့် ပြည်ပမှ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မျိုးစေ့ဝါသနာရှင်များ အများအပြား လာရောက်ကြည့်ရှု အကဲဖြတ်ကြသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသရုပ်ပြပွဲ (Vegetable Demonstration) တစ်ခုဖြစ်သည့် တရုတ် – အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်များ စိုက်ပျိုးပြသပွဲ (China (Guangxi)- ASEAN New Varieties of Vegetables Expo) ကို တရုတ်နိုင်ငံ Guangxi ပြည်နယ်၊ နန်နင်းမြို့၌ ကျင်းပလျက်ရှိရာ မေလ၂၀ ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အာဆီယံအဆင့် ဟင်းသီးဟင်းရွက်မျိုးသစ်များ စိုက်ပျိုးပြပွဲ ၌ သခွါး၊ ခရမ်းချဉ်၊ ပြောင်း၊ ပဲပုပ်၊ ငရုတ်၊ ဗူး၊ ဖရုံ စသော ဟင်းသီးဟင်းရွက်မျိုးသစ်ပေါင်း (၁၀၀၀) ကျော် ပါဝင်စိုက်ပျိုးပြသထားကြောင်း၊ မျိုးသစ်များသည် တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို စသော နိုင်ငံတို့မှ ကုမ္ပဏီပေါင်း (၈၅) ခုမှ မျိုးသစ်များ ပါဝင်ပြသထားကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်ပမှ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မျိုးစေ့ဝါသနာရှင်များ အများအပြား လာရောက်ကြည့်ရှု အကဲဖြတ်ကြသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသရုပ်ပြပွဲ (Vegetable Demonstration) တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် မျိုးအသစ်အဆန်းများကို လေ့လာခွင့်ရနိုင်သည့်နည်းတူ မိမိတို့၏ မျိုးအသစ်များအား ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ သိရှိအောင် ဆောင်ရွက်နိုင်သဖြင့် မျိုးစေ့စီးပွါးရေးလုပ်ငန်း ပိုမိုကြီးမားကျယ်ပြန့်လာစေမည့် အခွင့်အရေးကောင်းလည်းဖြစ်သည်။ ထို့အတူ မျိုးမွေးမြူသူ (Breeder) များအတွက် အကြံဉာဏ်ကောင်းများနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းအား၊ ယှဉ်ပြိုင်မှုစွမ်းအားများ ပိုမိုရရှိစေနိုင်မည်လည်းဖြစ်သည်။ မျိုးစေ့ကုမ္ပဏီများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ ချုပ်ဆို၍ နားလည်ယုံကြည်မှုများ တည်ဆောက်နိုင်ကြသည့်အတွက် အနာဂတ်တွင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်နိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် အလားအလာကောင်းသော ခရမ်း၊ ခရမ်းချဉ်၊ ဟင်းစားပဲပုပ်နှင့် ရုံးပတီ (၁) မျိုးစီနှင့် ငရုတ် (၃) မျိုး၊ စုစုပေါင်း မျိုးသစ် (၇) မျိုးကို ပါဝင်စိုက်ပျိုးပြသထားပါသည်။

ပြပွဲသို့ တက်ရောက်၍ နည်းပညာဖလှယ်ခြင်း၊ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်တို့ ပြုလုပ်ရခြင်းဖြင့် ဟင်းသီးဟင်းရွက်သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လာနိုင်ကာ စားသုံးသူများ လိုအပ်သော အာဟာရဓါတ်များကို ပိုမိုဖြည့်ဆည်းပေးလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။