သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပဲတီစိမ်းမျိုးကောင်းမျိုးသန့်သုံးစွဲရေး ကွင်းသရုပ်ပြ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် Syngenta Foundation for Sustainable Agriculture တို့ပူးပေါင်း၍ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲ စသည့်သီးနှံများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများ၏ အစီအစဉ် တစ်ခုဖြစ်သည့် ပဲတီစိမ်းသီးနှံ အထွက် ကောင်းမျိုးများ အထွက်ယှဉ်ပြိုင်ခြင်း၊ အရည်အသွေး ကောင်း မျိုးစေ့နှင့် တောင်သူမျိုးစေ့များ ယှဉ်ပြိုင် စမ်းသပ် ထားသော သုတေသနလုပ်ငန်းများအား ပြသသည့် ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက် (၈) နာရီက တပ်ကုန်းစိုက်ပျိုးရေးသုတေ သနခြံ၌ ကျင်းပပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲကို ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများအား ပဲတီစိမ်း မျိုးကောင်း မျိုးသန့်၏ သာလွန်ကောင်းမွန်မှုကို သိရှိနိုင်ရန်နှင့် မျိုးကောင်းမျိုးသန့်များအား သုံးစွဲနိုင်ရေး အတွက် ရည်ရွယ်၍ ကျင်းပသည့် အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစု မှ လက်ထောက်သုတေသနအရာရှိ ဒေါက်တာ မာမာဝင်း၊ တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးသာထွန်း နှင့် သုတေသီများ၊ Syngenta Foundation for Sustainable Agriculture မှ ဦးရဲပြည့်ကျော်၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ကွင်းသရုပ်ပြပွဲတွင် စမ်းသပ်ကွက်တာဝန်ခံ ဒေါ်အိအိချို က စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (DAR) မှ ထုတ်ဝေထားသော ပဲတီစိမ်းမျိုးလိုင်းများဖြစ်သည့် ရေဆင်း-၁၄၊ ရေဆင်း-၁၁နှင့် အလား အလာကောင်းသော YM-13-1413-3၊ YM-13-1413-4 နှင့် YM-13-1413-5 စုစုပေါင်း ပဲတီစိမ်းမျိုး (၅ )မျိုးအား အစေ့အရည်အသွေးနှင့် အထွက်နှုန်း သိရှိနိုင်ရန်အတွက် ယှဉ်ပြိုင်စိုက်ပျိုးပြသထားသည့် စမ်းသပ်ကွက်နှင့် ရေဆင်း-၁၄ ပဲတီစိမ်းမျိုးကို အရည်အသွေးကောင်းမျိုးစေ့ (တပ်ကုန်း စိုက်ပျိုးရေး သုတေသနခြံ) နှင့် တောင်သူ့မျိုးစေ့ (Farmer Saved Seed) တို့အား ယှဉ်ပြိုင် စိုက်ပျိုးပြသထား‌‌သော စမ်းသပ်ကွက်များ နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

ထို့အပြင် ပဲတီစိမ်း မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည့် အချက်အလက်များ နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် တောင်သူများ အမှန်တကယ် လိုအပ်သည့် ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော အရည်အသွေး ကောင်း၊ အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များနှင့် စိုက်နည်းစနစ်များအား စဉ်ဆက်မပြတ် သုတေသန ပြုလုပ်နေသည့်လုပ်ငန်းစဉ်များကို ရှင်းလင်း‌ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။