သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တပ်ကုန်းမြို့နယ် မိုးကြိုပဲတီစိမ်း(GAP) အထူးဇုံ (၇၀၀) ဧက ကွင်းသရုပ်ပြပွဲကျင်းပ။

            နေပြည်တော် ၊ တပ်ကုန်းမြို့နယ် တွင် ဂျီအေပီစနစ်ဖြင့်စိုက်ပျိုးသော မိုးကြိုပဲတီစိမ်း ဧက ၇၀၀ ကွင်းသရုပ်ပြပွဲကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် နေပြည်ကောင်စီဝင် ဦးအေးမောင်စိန် တက်ရောက်အမှာစကား ပြောကြား သည်။

ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ နေပြည်ကောင်စီဝင် ဦးအေးမောင်စိန် ၊ စိုက်ပျိုးရေး ဦးစီးဌာန ၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွှန့် ၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ စိုက်ပျိုးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးဝင်းဦး နှင့် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်သည်။

            ကွင်းသရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွှန့် က ဂျီအေပီလုပ်ငန်းစဉ်အကြောင်းသိကောင်းစရာများ ရှင်းလင်းပြောကြားပြီး၊ တပ်ကုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးထွန်းညွှန့် က တပ်ကုန်းမြို့နယ်၏ အဓိကသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု နှင့် မိုးကြိုပဲတီစိမ်း (GAP)စနစ်ဖြင့် စိုက်ပျိုးထားရှိမှု အခြေ အနေများကို ရှင်းလင်း တင်ပြရာ ဒေသခံတောင်သူတစ်ဦး က  ကျေးဇူတင်စကားပြန်လည် ပြောကြားသည်။

စားသုံးမှု ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝစေရေး အတွက် သီးနှံများ စိုက်ပျိုး ထုတ်လုပ်စဉ် ၊ ရိတ်သိမ်းစဉ် နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်းလုပ်ငန်းများတွင် သီးနှံအမျိုးအစားအလိုက် ၊ လိုက်နာဆောင်ရွက်ရမည့် မြန်မာဂျီအေပီ လုပ်ငန်းစဉ်များကို စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က တိကျစွာလိုက်နာလာကြရန် လိုအပ်လျက် ရှိကြောင်း ၊ ဂျီအေပီ သီးနှံများအပေါ် နိုင်ငံတကာစျေးကွက်က အထူးအလေးထား တောင်းဆို လာမှုများ ရှိနေ သကဲ့သို့ ပြည်တွင်းစားသုံးသူများ၏ စိတ်ဝင်စားမှု မြင့်တက်လာနေသည်ကို လည်းတွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ဂျီအေပီ သီးနှံများအတွက် စျေးကွက် စျေးနှုန်း ခိုင်မာ သေချာ မှုရှိနေပါကြောင်း ညွှန်ကြားရေးမှူး ဦးခင်မောင်ညွှန့် က ပြောသည်။

ပတ်ဝန်းကျင် ထိခိုက်မှု လျှော့နည်းစေပြီး လုပ်သားများ၏ ကျန်းမာရေး နှင့့် လူမှုဘဝ သာယာဝပြောရေးတို့ကို အထောက်အကူဖြစ်စေသော မြန်မာဂျီအေပီ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မှသာ ဒေသတွင်း နှင့် နိုင်ငံတကာ တွင် ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်း ရှိသော  စိုက်ပျိုးရေး ထွက်ကုန်များအဖြစ် မြန်မာ့လယ်ယာထွက်ကုန်များ ရေရှည်ရပ်တည် လာနိုင်မည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး က ဆက်လက်ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သော မိုးကြိုပဲတီစိမ်း ကွင်းသရုပ်ပြပွဲမှာ ဂျီအေပီ အထူးဇုံ ၃ ခုတွင် ဧက (၇၀၀) စိုက်ပျိုးထားခြင်းဖြစ်ကာ စိုက်ပျိုးရေးဝန်ထမ်းများက နည်းပညာအကူအညီများ အနီးကပ် ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။ နေပြည်တော် ဥတ္တရခရိုင်အတွင်း နွေသီးနှံ အဖြစ် လယ်ယာသီးနှံစုံ စုစုပေါင်း ၁၇၉၁၆၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တပ်ကုန်းမြို့နယ်အနေဖြင့် နွေစပါး နွေနှမ်း စုစုပေါင်း ဧက ၁၁၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။