ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် Global Earth Agro & Aqua Industry Public Company Limited မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Food Industry Complex စီမံကိန်းတွင် ပါဝင်သည့် ခေတ်မီအအေးခန်းစက်ရုံနှင့် ငါးပေါင်းမှုန့်စက်ရုံ အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စီမံကိန်း ဝင်းအတွင်း ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ ့တာ ဝန် ရှိသူများ၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သောဧည့်သည် တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် Global Earth Agro & Aqua Industry Public Company Limited ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးမြင့်က Food Industry Complex စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ တွင်လက်ရှိ အခြေ အနေတွင် တစ်ကမ္ဘာလုံး၏ ငါးစားသုံးမှုသည် ကျန်းမာရေးကို အထောက်အကူပြုသဖြင့် ငါးစားသုံးမှု မြင့်မားလာနေကြောင်း ၊ ယနေ့ Global Earth Agro & Aqua Industry Public Company Limited က စွန့်စားပြီး လုပ်ကိုင်သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတကာနှင့် လိုက်လျောညီထွေမှုရှိသည့် ဆန်းသစ်တီထွင်မှုများလည်း လုပ်တာတွေ့ရပါကြောင်း၊ ယနေ့ လုပ်ဆောင်ချက်သည် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ငါးကဏ္ဍမှ ပြည်ပသို့ အမေရိကန်ဒေါ်လာ ၇၁၂ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရင်းနှီးမြုပ်နှံမှုအခြေ အနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Food Industry Complex စီမံကိန်းတွင် ပါဝင်သည့် ခေတ်မီအအေးခန်းစက်ရုံနှင့် ငါးပေါင်းမှုန့်စက်ရုံ တည်ဆောက်မည့် မင်္ဂလာမြေနေရာ၌ အုတ်မြစ်စီပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Food Industry Complex စီမံကိန်းအတွင်းရှိ ငါးကန်များ၊ ငါးစာစက်ရုံ၊ ငါးအအေးခန်းရုံများ တည်ဆောက်နေမှုနှင့် မွေးမြူထွက်ရှိသည့် ငါးနှင့်ပုစွန်များ၊ ငါးသားပေါက် ပြခန်းနှင့် ငါးမွေးမြူရေးကန်များကို လှည့်လည် ကြည့်ရှုပြီး၊ ငါးသားပေါက်များလွှတ်ခြင်း၊ ရေသွင်းမင်္ဂလာပြုခြင်း၊ ငါးသားပေါက်စခန်းသို့ ကြည့်ရှုလေ့လာခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ ခေတ်မီအအေးခန်းစက်ရုံနှင့် ငါးပေါင်းမှုန့်စက်ရုံများ၏ Food Industry Complex စီမံကိန်းကို ၂၀၁၇ ခုနှစ်က မြေဧက ၉၀၀ ပေါ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ကာ အလုပ်သမား ၂၀၀၀၀ ခန့်ကို အလုပ်အကိုင် များ ခန့်ထားပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။