ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက် ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

သမဝါယမအသင်းဝင်အားလုံးသည် အသင်း၏ စားသုံးသူဖြစ်သကဲ့သို့ အလုပ်ရှင်လည်းဖြစ်ပါကြောင်း၊ သမဝါယမဆိုင်ရာစီးပွားရေးလုပ်ငန်းများကို အကျိုး အမြတ်နှင့် မောင်းနှင်ခြင်းမဟုတ်ဘဲ တန်ဖိုး(Value)ဖြင့် မောင်နှင်ရခြင်းဖြစ်ကြောင်း၊ အသင်းသားများ အတွက် အရပ်ရပ်ဆိုင်ရာအကျိုးစီးပွား ဆောင်ရွက်ရာ တွင်  လွတ်လပ်စွာဖွဲ့စည်းထားသည့် အသင်းအဖွဲ့ဖြစ်သည့်အားလျော်စွာ သမဝါယမ အသင်းဝင် အားလုံးတို့၏ တူညီသည့်သဘောထားများဖြင့် ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါကြောင်း ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် ၃၆ အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းစု လီမိတက် ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းစု လီမိတက် အမှုဆောင်အဖွဲ့ဝင်များ နှင့် အသင်းဝင် အရာထမ်း အမှုထမ်းများစုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် က မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းစု လီမိတက် စတင်ဖြစ်ပေါ်လာပုံနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ချက်များ ကိုရှင်းလင်းတင်ပြပြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က အသင်း ၏ ဆောင်ရွက်ချက်များအား ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ အသင်းစု လီမိတက် ၏ အမှုဆောင်အဖွဲ့အစီရင်ခံစာ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရှင်းတမ်း နှင့် အမြတ်ခွဲဝေ စာရင်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စာရင်းစစ်ရှင်းတမ်းများကို ဖတ်ကြားတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသော အသင်းသူအသင်းသားများ၏ ဆွေးနွေး အကြံပြုချက်များ နှင့်  သဘောတူညီမှုကိုရယူဆောင်ရွက်ခဲ့သည်။

ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာရေး သက်သာ ချောင်ချိရေး နှင့် ဝန်ထမ်းသားသမီးများ၏ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းစု လီမိတက် ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး သမဝါယမအသင်းဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့၍ အသင်း၏သက်တမ်း ၇ နှစ်တာကာလအတွင်း မွေး-ရေ- ကျေးလက် ဝန်ထမ်း ၇၀၀ ကျော်ကို ရုံးဖွင့်ရက်တိုင်း နံနက်စာ ကျွေးမွေးခြင်း၊ ဝတ်စုံ စရိတ်ထောက်ပံ့ခြင်း၊ သာရေး၊ နာရေးထောက်ပံ့ခြင်း၊ နှင့် ဝန်ထမ်းသားသမီးများ အတွက် ပညာသင်ထောက်ပံ့ခြင်း၊ ပညာရည်ချွန်ဆုထောက်ပံ့ခြင်း၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအခမ်းအနားများကျင်းပပေးခြင်း၊ အားကစားပြိုင်ပွဲများကျင်းပ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း သိရှိရသည်။