သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဂျီအေပီ နှင့် အော်ဂဲနစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ။

ပြည်တွင်းစာသုံးမှုအတွက် ဘေးအန္တရာယ်ကင်းသည့် အစားအစာများ တိုးတက် ထုတ်လုပ်ရန်လိုအပ်လာခြင်း၊ ဂျီအေပီ နှင့် အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု ထားသည့် အရည်အသွေးကောင်း စိုက်ပျိုးရေးထုတ်ကုန်များကို နိုင်ငံတကာမှ ဝယ်ယူလိုခြင်း၊ရေရည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ်ဖြင့် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းရန် လိုအပ်လာခြင်းတို့ကြောင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က MYANMAR GAP Protocol နှင့် MYANMAR GAP Guideline များထုတ်ပြန်ပေးခြင်း၊ အော်ဂဲနစ်စံချိန်စံညွှန်းများ ကြေညာပေးခြင်း လုပ်ငန်း များနှင့်အတူ သက်ဆိုင်သူအားလုံးတို့က အပြည့်အဝပူးပေါင်းဆောင်ရွက်လာနိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဂျီအေပီ နှင့် အော်ဂဲနစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို မေလ ၂၉ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က နေပြည်တော် ရုံးအမှတ်(၁၅)၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနခွဲများမှ ညွှန်ကြားရေး မှူးများ နှင့် အရာထမ်းအမှုထမ်းများ  တက်ရောက်ကြသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကားပြောကြားရာတွင် ဂျီအေပီ နှင့် အော်ဂဲနစ် လုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင် ခြင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပြည့်ဝရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တောင်သူနှင့် လုပ်ငန်းရှင်များ အပိုင်း က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိလိုက်နာ ဆောင်ရွက်စေရေးနှင့် စားသုံး သူများ သိရှိသင့်သည့် အသိပညာပေး လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊  ဂျီအေပီ နှင့် အော်ဂဲနစ် တို့ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး နှင့် အသိအမှတ်ပြု ထောက်ခံချက်လက်မှတ်ထုတ်ပေးနိုင်ရေး အတွက် လက်မှတ်ထုတ်ပေးရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ထောက်ခံချက် ထုတ်ပေးခြင်း ဆိုင်ရာ စံနှုန်းများနှင့် စစ်ဆေးအတည်ပြုခြင်းဆိုင်ရာ စံနှုန်းများ ထုတ်ပြန်ပြင်ဆင်ခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ စစ်ဆေးသူများအား လေ့ကျင့်ပေးခြင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် ညွှန်ကြားရေးမှူး ဦးသူရစိုး တို့က ဂျီအေပီ နှင့် အော်ဂဲနစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ ကြသည်။          ထို့နောက် ဂျီအေပီ နှင့် အော်ဂဲနစ် လုပ်ငန်းစဉ်များတွင် တာဝန်ယူ ဆောင်ရွက် လျက်ရှိသူများက ဂျီအေပီ နှင့် အော်ဂဲနစ် အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေး မည့် လုပ်ငန်းစဉ်များနှင့် GIZ နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ၊ သတင်းအချက်အလက်ဖလှယ်ရေးလုပ်ငန်းများအပါအဝင် ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ဂျီအေပီ နှင့် အော်ဂဲနစ် စနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်ကို လိုက်နာဆောင်ရွက်ခြင်းအား ဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေး ပြည့်ဝကောင်းမွန်ပြီး အာဟာရ ကြွယ်ဝသော သီးနှံများ စားသုံးနိုင်မည်ဖြစ်သကဲ့သို့ ပြည်တွင်း ပြည်ပ စျေးကွက်များသို့ အာမခံချက်ရှိစွာ ရောင်းချနိုင်ကြမည်ဖြစ်၍ စိုက်ပျိုး ထုတ်လုပ်သူ နှင့် တင်ပို့ရောင်းချသူ အားလုံးတို့ အတွက် အကျိုးအမြတ်သေချာစေမည် ဖြစ်ကြောင်း သိရှိရသည်။