သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

GAP ဆိုင်ရာ ဗဟုသုတနှင့် GAP  အသိအမှတ်ပြု လျှောက်လွှာတင်ခြင်း လုပ်ငန်းများအတွက် ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းဖုန်း application အသုံးပြုနိုင်တော့မည်

            ပြည်တွင်းစားသုံးသူများ၏ ကျန်းမာရေးဗဟုသုတ ဖွံ့ဖြိုးမှုတိုးတက်လာသည် နှင့် အမျှ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးရေး ထုတ်ကုန် များ အား အလေးထား တောင်းဆိုမှုများ ရှိလာသကဲ့သို့  နိုင်ငံတကာစျေးကွက် များ ကလည်း စံသတ်မှတ်ချက်များ တိုးမြှင့်ဆောင်ရွက်လာလျက်ရှိရာ တောင်သူများ အနေဖြင့် ဂျီအေပီကျင့်စဉ်များလိုက်နာဆောင်ရွက်ပြီး ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ခြင်း၊ အော်ဂဲနစ် စံချိန်စံညွှန်းများနှင့် အညီထုတ်လုပ်ခြင်းဖြင့် သီးနှံများ၏ စျေးကွက်ဝင်ဆံ့နိုင်ရေး စျေးကောင်း ရနိုင်ရေးတို့ကို မျှော်တွေးဆောင်ရွက်သင့် လျက်ရှိသည်။

တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  အဆင့်မြင့် စိုက်ပျိုး နည်းပညာများကို သိရှိလိုက်နာရန် နှင့် မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ထားကြောင်း တရားဝင် အသိအမှတ်ပြုလက်မှတ် ရရှိရန်လည်း လိုအပ်သည့်အတွက် နည်းပညာများ ရိုးရှင်းလွယ်ကူစွာလေ့လာနိုင်ရန်  နှင့် အသိအမှတ်ပြုလက်မှတ် လျောက်ထား ရယူရာတွင် ခက်ခဲမှု ကြန့်ကြာမှုမဖြစ်ပေါ်စေရန် စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းလျက်ရှိရာ ယခုအခါ GAP သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် စိုက်ပျိုး ထုတ်လုပ်သူများမှ GAP  အသိအမှတ်ပြုလျှောက်လွှာတင်ခြင်းလုပ်ငန်းများ online မှတဆင့် အသုံးပြုရန် ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ က ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်သည်။

GAP လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် သတင်း အချက်အလက် နည်းပညာဆိုင်ရာစနစ်(ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းဖုန်းအပလီကေးရှင်း နှင့် Web server / Admin Panel) ကို ရုံးချုပ် နေပြည်တော်ပြည်ထောင်စုနယ်မြေ နှင့် တိုင်း ဒေသကြီး / ပြည်နယ် များရှိ သက်ဆိုင်ရာဒေသများမှ GAP အသိအမှတ်ပြု လက်မှတ် လျောက်ထားမှု၊ အကဲဖြတ်မှု၊ မှန်ကန်ကြောင်းအတည်ပြုမှုနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှု စသည့်လုပ်ငန်းစဉ်များအား တပြိုင်နက် ဆောင်ရွက် နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊

မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ  GAP ဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက် အလက်များ ဖြန့်ဖြူးခြင်းနှင့် GAP  အသိအမှတ်ပြု လျှောက်လွှာ တင်ခြင်း လုပ်ငန်းများအတွက် (ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းဖုန်း application နှင့် Web server /Admin Panel) ဟူ၍  အပိုင်း(၃)ပိုင်း ပါဝင်သော သတင်း အချက်အလက် နည်းပညာ ဆိုင်ရာ စနစ်ကို ၂၀၁၉ခု၊ ဇွန်လတွင် စတင်အ​ကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ GAP နည်းပညာ ကော်မတီဝင်များနှင့် ဝက်ဘ်ဆိုဒ်မှတဆင့် GAP အသိအမှတ်ပြု လျှောက်လွှာ တင်သွင်းမှု များ ကို လက်ခံဆောင်ရွက်မည့် ဝန်ထမ်းများအား ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းဖုန်း application နှင့် Web server /Admin Panel အသုံးပြုပုံ နည်းလမ်းများအား သင်တန်းဖွင့်လှစ်၍ ပို့ချသွားနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး က ပြောသည်။

GAP နှင့် ပတ်သက်သည့် သတင်း အချက်အလက်များ၊ ဗဟုသုတများ ၊ ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်တွင် ထုတ်ကုန်အားလုံး၏ လုံခြုံစိတ်ချမှုနှင့် အရည်အသွေး စီမံခန့်ခွဲမှု တို့ အတွက်သာမက လိုအပ်ပါက နောက်ကြောင်းပြန် သုံးသပ်မှုများ ဆောင်ရွက် နိုင်မည့် သတင်း အချက်အလက်များ ထိန်းသိမ်း စီမံခန့်ခွဲခြင်းလုပ်ငန်းများ အလွယ်တကူ ဆောင်ရွက်နိုင်ရန်ရန် အဆိုပါအစီအစဉ်တွင် ထည့်သွင်းပေးသွား မည်ဖြစ်ပါသည်။GAP အသိအမှတ်ပြုလက်မှတ်ရရှိပြီးသော စိုက်ပျိုးထုတ်လုပ်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု အချက်အလက်များနှင့် GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်စနစ်၌ အသုံးပြုထား သော QR code စနစ်တို့ကို ချိတ်ဆက်ထားမည်ဖြစ်သည့်အတွက် GAP ထုတ်ကုန်များ အပေါ် နောက်ကြောင်းပြန် စစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။