မွေးမြူကုသရေးဆိုင်ရာ

“ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ် (တစ်ပိုင်တစ်နိုင်) (GAHP) အသိပညာပေးလုပ်ငန်းနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဆိုင်ရာ ရောဂါစူးစမ်း ထောက်လှမ်းမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း”

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ကွင်းဆင်းအဖွဲ့ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ကောင်းမွန်သောဝက်မွေးမြူရေးကျင့်စဉ် (တစ်ပိုင်တစ်နိုင်) (GAHP) အသိပညာပေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရောဂါကျရောက်ဖြစ်ပွားခဲ့သည့် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) နှင့်ပတ်သက်၍ ရောဂါစူးစမ်းထောက်လှမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွေးမြူရေးခြံများတွင် Biosecurity မြှင့်တင်ဆောင်ရွက်ရန် ပညာပေးခြင်းနှင့် ခြံဖျန်းပိုးသတ်ဆေးဖြန့်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်ဝန်ထမ်းများ ပူးပေါင်း၍ ဇန်နဝါရီလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးခြင်း (Awareness)နှင့် သွေးရည်ကြည်နမူနာရယူ၍ ရောဂါစူးစမ်းထောက်လှမ်းခြင်း (Serosurveillance) လုပ်ငန်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ မုံရွာ၊ ကျွန်းလှနှင့် ကန့်ဘလူ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များတွင် အသိပညာပေး အဖွဲ့ငယ်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အသိပညာပေးဟောပြောပွဲများသို့ ကျေးလက်နေ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ကောင်းမွန်သောဝက်မွေးမြူ ရေးကျင့်စဉ်နှင့် အာဖရိကဝက်အပြင်းဖျားရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Serosurveillance လုပ်ငန်းများဆောင်ရွက်ရာတွင် ရရှိလာသည့် သွေး(Whole Blood) နှင့် သွေးရည်ကြည်နမူနာ (Serum Sample) ပစ္စည်းများကို ဒေသဆိုင်ရာဓာတ်ခွဲခန်းတွင် (Rapid Test Kit) ဖြင့် အမြန်စစ်ဆေးခြင်း၊ ဇီဝလုံခြုံမှုအဆင့်(၂) ရှိ Reference Labs များဖြစ်သည့် ရန်ကုန်နှင့် မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် (Real Time PCR) ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူများ အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိခြင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ခြံများတွင် ဇီဝလုံခြုံမှုကောင်းမွန်လာခြင်း၊ မွေးမြူရေးခြံအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ တိရစ္ဆာန်သက်သာချောင်ချိရေး လိုက်နာဆောင်ရွက်လာနိုင်ခြင်း၊ ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိလာခြင်းနှင့် GAHP အသိအမှတ်ပြုလက်မှတ်များ ပိုင်ဆိုင်လာပြီး ဒေသတွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချလာနိုင်မည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က သိရှိရသည်။