ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေသြဇာကော်မတီ၏(၂၈)ကြိမ်မြောက် အစည်းအဝေးကျင်းပ

စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ၌ ဓာတုဓာတ်ကြွင်းနည်းပါးပြီး သီးနှံအတွက် လိုအပ်သော အာဟာရများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပါဝင်သည့် ဓါတ်မြေသြဇာများ ဖြစ်စေရေး အတွက် တာဝန်ရှိသူများက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းအားစုများ၏ စျေးနှုန်းနှင့် အရည်အသွေးမှန်ကန်စေခြင်းသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို အထူးဂရုပြုကြ ရမှာဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေသြဇာ ကော်မတီ၏(၂၈) ကြိမ်မြောက် အစည်းအဝေး တွင် မြေသြဇာကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

အစည်းအဝေးသို့ မြေသြဇာကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။အစည်းအဝေးတွင် မြေသြဇာကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က ကော်မတီ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများကို ရှင်းလင်း တင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက စိစစ်ဆောင်ရွက်ရမည့် မြေသြဇာမှတ်ပုံတင်ခွင့် လျှောက်လွှာများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ယခင်က ယူရီးယား၊ တီစူပါ၊ ပိုတက်ကဲ့သို့ မြေသြဇာများကိုသာ မှတ်ပုံတင် လျှောက်ထား မှုများရှိခဲ့ရာမှ ယခုအခါ မြေသြဇာအသုံးများပြားလာပြီး ကွန်ပေါင်းမြေသြဇာ ရွက်ဖျန်းမြေသြဇာ စသည့် အမျိုးအစားမျိုးစုံကို တင်သွင်းလျှောက်ထားနေသည်ကို တွေ့ရှိလာရကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍအတွက် အကျိုးရှိနိုင်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်သည့် မြေသြဇာ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများကို စိစစ်ခွင့်ပြုပေးလျက် ရှိကြောင်း မြေသြဇာကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါ်သူဇာမြင့် က ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် မြေသြဇာကော်မတီ၏ (၂၈) ကြိမ်မြောက်အစည်းအဝေးမှ မြေသြဇာမှတ်ပုံတင် လျှောက်လွှာ(၂၃၇)စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ယနေ့အထိ မြေသြဇာမှတ်ပုံတင် ခြောက်ထောင်ကျော်ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။